မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာက အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားကြီးဖြစ်တဲ့ ဆာဂျီယိုအဂွဲရိုးဟာ ဝက်ဘရွန်းအသင်းနဲ့ပွဲစဉ်မှာ မိနစ်အနည်းငယ် ပါဝင်ခဲ့ပြီးနောက် နှစ်ရက်ဆက်တိုက် အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို ပျက်ကွက်ခဲ့ကာ သောကြာနေ့မှပဲ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တာကြောင့် ဒီနေ့ည ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပွဲထွက်ပါဝင်နိုင်မလားဆိုတာ မသိရသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

အဂူရိုရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက “ကျွန်တော်မသိဘူး။ ဝက်ဘရွန်းအသင်းနဲ့ပွဲစဉ်အပြီးမှာ သူလေကျင့်ခန်းအစီအစဉ်ကို မလာနိုင်ခဲ့ဘူး။ သောကြာနေ့မှ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တာ။ လေ့ကျင့်ခန်းကိုတော့ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ် ဆိုပေမယ့်လည်း ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဘယ်နှစ်မိနစ်လောက်ကိုပဲ သူပါဝင်ကစားနိုင်မလဲဆိုတာကို မသိသေးပါဘူး။ သူလေ့ကျင့်ခန်းအစီအစဉ်တွေ ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲဆိုတာက အရေးကြီးပါတယ်။ ကံဆိုးချင်တော့ သူပါဝင်ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ လေ့ကျင့်ခန်းတွေ ပျက်ကွက်ခဲ့ရတယ်။ ဒါက ဒူးဒဏ်ရာနဲ့တော့ မပတ်သက်ပါဘူး။ အခြားနေရာတစ်ခုမှာ ဒဏ်ရာရရှိနေတာမျိုးပါ”

Photo Credit : Goal

“သောကြာနေ့ကတော့ သူလေ့ကျင့်ခန်းတွေ သေချာပြန်လုပ်နိုင်ခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဒူးဒဏ်ရာနဲ့ တံကောက်ကြောဒဏ်ရာတွေရဲ့ နှိပ်စက်မှုတွေကြောင့် အသင်းရဲ့ပွဲစဉ်အများစုကို လွဲချော်ထားခဲ့ရပြီး အောက်တိုဘာလနောက်ပိုင်းကတည်းက မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း စုစုပေါင်း (၁၄)မိနစ်သာ ပါဝင်ကစားထားခဲ့ရပါတယ်။ အဂွဲရိုးရဲ့ဒဏ်ရာအခြေအနေတွေကြောင့် မန်စီးတီးအသင်းရဲ့ တိုက်စစ်ပိုင်းက ယခင်နှစ်တွေကထက် ဂိုးသွင်းစွမ်းရည် သိသိသာသာ ကျဆင်းလာခဲ့ရပြီး ဒီရာသီအတွင်း ကစားခဲ့ရတဲ့ ပွဲစဉ်အနည်းငယ်လောက်မှာသာ သွင်းဂိုးများစွာကို သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး အချက်အလက်ပေါင်းများစွာကို ဖော်ပြတင်ဆက်လေ့ရှိတဲ့ Opta ရဲ့ ဖော်ပြချက်တစ်ခုအရ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း Big Chances တွေကနေတစ်ဆင့် သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်တဲ့ ရာခိုင်နှုန်းက (၃၀)%လောက်သာ ရှိနေခဲ့ရပြီး ဒီပမာဏဟာ တန်းဆင်းဇုန်ထဲကို ရောက်ရှိနေတဲ့ ကလပ်အသင်းတွေရဲ့ စွမ်းဆောင်ရည်နှုန်းလောက်သာ ရှိနေတဲ့အထိကို အသင်းရဲ့တိုက်စစ်ပိုင်းက အလွန်ဆိုးရွှားနေခဲ့ရပါတယ်။