ပြီးခဲ့တဲ့ဘောလုံးရာသီမှာ လိုင်ယွန်အသင်းအတွက် ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဟူစန်အာဝါကို ဥရောပထိပ်သီး ကလပ်အသင်းတွေများစွာကနေ စိတ်ဝင်စားလျက်ရှိနေကြပြီး ခေါ်ယူနိုင်ဖို့အတွက်လည်း ကြိုးပမ်းလျက်ရှိနေကြသလို ကစားသမားကိုယ်တိုင်ကလည်း သူရဲ့ကစားသမားဘဝကို မြင့်တင်နိုင်ဖို့အတွက် လိုင်ယွန်ကနေ ထွက်ခွာဖို့ စဉ်းစားလျက်ရှိနေတာကြောင့် ဒီနွေစျေးကွက်အတွင်းမှာပဲ အာဝါကို အသင်းသစ်တစ်သင်းမှာ မြင်တွေ့လာရနိုင်ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်သာရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားလေး အာဝါဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိုင်ယွန်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ထိ ရောက်ရှိနိုင်အောင် အဓိကနေရာကနေ တွန်းတင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ သူ့ကို လက်ရှိမှာ အာဆင်နယ်အသင်းကနေ အသည်းအသန် စိတ်ဝင်စားလို့နေပြီး ကမ်းလှမ်းမှုတွေကိုလည်း အကြိမ်ကြိမ်ပြုလုပ်ထားခဲ့သလို မန်စီးတီးအသင်းကလည်း အာဝါရဲ့အခြေအနေကို စောင့်ကြည့်လျက်ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : BNFoot

အာဝါရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လိုင်ယွန်အသင်းရဲ့အားကစားဒါရိုက်တာနဲ့ ကစားသမားဟောင်းဖြစ်သူ ဂျူနင်ဟိုကတော့ “ဒါက ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ပဲ တိုက်ရိုက်ပတ်သက်တဲ့ ကိစ္စလို့ပဲ ကျွန်တော်ထင်ပါတယ်။ အပြောင်းအရွှေ့ကိစ္စတွေက ကျွန်တော်တို့နဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတာတော့ မရှိပါဘူး။ အာဝါနဲ့ပတ်သက်ပြီး အသင်းရဲ့အထွေထွေ ဒါရိုက်တာဆီကို မန်စီးတီးအသင်းဘက်ကနေ ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့မှာပါ။ ကျွန်တော်သေချာတော့ မသိဘူး။ အာဝါကို အသင်းကြီး(၂)သင်းလောက်ကနေ စိတ်ဝင်စားနေကြတာပါ။ ဒီအသင်းတွေက နှစ်တိုင်းလိုလို ချန်ပီယံလိဂ်ဆုဖလားကြီးကို ရယူနိုင်လောက်တဲ့ အသင်းတွေဖြစ်နေပြီးတော့ ဒီလိုလုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေကလည်း အဲ့ဒီအသင်းတွေမှာ ရှိနေသလို ကစားသမားတိုင်း စိတ်ကူးအိမ်မက်ထဲက အသင်းတွေပါ။ ဒါပေမယ့် အာဝါက PSG အသင်းမှာ ပြောင်းရွှေ့ကစားချင်စိတ် ဖြစ်နေပြီလားဆိုတာကိုတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ မန်စီးတီးဘက်ဆိုရင်တော့ ဂွာဒီယိုလာက အာဝါကို အမှန်တကယ်ကို နှစ်သက်နေတာ။ ဒါပေမယ့် အခုအချိန်ထိတော့ တရားဝင်ကမ်းလှမ်းမှုတွေကတော့ မရရှိသေးပါဘူး” လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။ အာဝါကို အာဆင်နယ်ဘက်ကနေသာ ကမ်းလှမ်းထားခဲ့တာဖြစ်ပြီး လိုင်ယွန်ကလည်း ဒီကမ်းလှမ်းချက်တွေကို ပယ်ချထားခဲ့ပါတယ်။