မနေ့ညက ကျင်းပသွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပထမပိုင်းပွဲကစားချိန်အတွင်းမှာ မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဆာဂျီယိုအဂူရိုဟာ ပွဲအတွင်းမှာ တာဝန်ကျနေတဲ့ အမျိုးသမီးစည်းကြပ်ဒိုင် ရှောင်မက်စီအဲလ်လစ်ကို မပြုလုပ်တဲ့ အမှုအယာမျိုး ပြုလုပ်မိခဲ့တာကြောင့် အတော်လေးကို ဝေဖန်ခံနေရပေမယ့်လည်း မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကတော့ သူရဲ့ကစားသမားဘက်ကနေသာ ကာကွယ်ပြောဆိုမှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Goal

ဒဏ်ရာပြသာနာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီးနောက်မှာ အာဆင်နယ်အသင်းအတွက်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ပြန်လည်ပါဝင်ပေးနိုင်ခဲ့တဲ့ အဂူရိုဟာ လက်ပစ်ဘောမြှောက်ရဖို့နဲ့ပတ်သက်ပြီး အမျိုးသမီးစည်းကြပ်ဒိုင် မက်စီအဲလ်လစ်နဲ့ အငြင်းအခုန်အနည်းငယ် ဖြစ်ပွားခဲ့ကာ မက်စီအဲလက်စ်က အာဆင်နယ်အသင်းဘက်ကို လက်ပစ်ဘောပေးဖို့ ဆုံးဖြတ်ခဲ့ရာမှာတော့ အဂူရိုက မက်စီအဲလက်စ်ရဲ့ပခုံးကို ကိုင်တွယ်လိုက်ပြီး လည်ပင်းနားလောက်ထိ သူရဲ့လက်က ရောက်သွားခဲ့ပါတယ်။

Photo Credit : Football 365

ဒီအပြုအမှုဟာ အမျိုးသမီးတစ်ယောက်အပေါ် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနဲ့ မလေးမစားဆက်ဆံနေတဲ့ ပုံစံမျိုးဖြစ်နေတဲ့အတွက် အဂူရိုကို ဝိုင်းဝန်းဝေဖန်ပြစ်တင်လာခဲ့ကြပေမယ့် မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အဂူရိုဘက်ကနေသာ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာက “ကဲဗျာ ဒီကိစ္စကို ထားလိုက်ပါ။ ဆာဂျီယိုက ကျွန်တော်တွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ တကယ့်ကို အကောင်းဆုံးလူတစ်ယောက်ပါ။ ခင်ဗျားတို့အနေနဲ့ အခြားဖြစ်ရပ်တွေကနေပဲ သူ့ကို ပြသာနာရှာချင်ရှာကြပါ။ ဒီကိစ္စနဲ့တော့ မလုပ်ကြပါနဲ့” လို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာကတော့ သူတို့အသင်းအနေနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့ခြင်းက တကယ့်ကို အရေးပါတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ရပြီး အာဆင်နယ်ကလည်း သူတို့မျှော်မှန်းတာထက် ပိုပြီးခက်ခဲအောင် ကစားနိုင်ခဲ့တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ပွဲအတွင်း လက်စွမ်းပြကာကွယ်မှုတွေကို လုပ်ဆောင်နိုင်ခဲ့တဲ့ ဂိုးသမားအီဒါဆန်ကိုလည်း ချီးကျူးစကားဆိုခဲ့ပြီး လိဒ်စ်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာရော အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာပါ အီဒါဆန်က အသင်းအတွက် စွမ်းစွမ်းတမံ အသင်းအတွက် အကျိုးပြုခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ လာမယ့်ကြားရက်မှာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ််ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင်တော့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆက်တိုက်ဆင်နွဲရမှာဖြစ်ပါတယ်။