မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးကတော့ သူရဲ့ဒူးဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီနှောင်းပိုင်း ပွဲစဉ်တွေကို တောက်လျှောက်လွဲချော်ခဲ့ရသလို အသင်းအတွက် အရေးပါလှတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်ခဲ့ရပါတယ်။ ဒီလို လွဲချော်ခဲ့ရတဲ့အပြင် အဂွဲရိုးဟာ အခုအချိန်ထိ သူရဲ့ဒဏ်ရာအခြေအနေကနေ ကြံခိုင်မှုအပြည့်အဝ မရှိသေးတဲ့အတွက်ကြောင့် မန်စီးတီးအသင်းရဲ့ ရာသီအဖွင့်ပွဲစဉ်တွေကိုပါ ဆက်လက်လွဲချော်သွားရဖွယ် ရှိလို့နေပါတယ်။

Photo Credit : Manchester Evening News

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား အဂွဲရိုးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ဘန်လေအသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ ဒူးဒဏ်ရာကို ခံစားခဲ့ရတာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက အသင်းရဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေရော ချန်ပီယံလိဂ်ပွဲစဉ်တွေပါ ဆက်တိုက်လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ အခုလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပေမယ့်လည်း ကြံခိုင်မှုအပိုင်းက အားနည်းနေသေးတဲ့အတွက် ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂)ကိုပါ ဝင်ရောက်ကစားနိုင်ခြင်းမရှိသေးဘူးလို့ ဂွာဒီယိုလာက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Bleacher Report

အဂွဲရိုးရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက အသင်းဖော်တွေနဲ့ အဂွဲရိုးက အတူတူလေ့ကျင့်ခန်းဆင်းနိုင်တဲ့ အနေအထားမှာ ရှိမနေသေးပဲ တနင်းလာနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် ဝုလ်ဗ်အသင်းနဲ့ ပွဲစဉ်အတွင်းမှာလည်း ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြတဲ့ နောက်ခံလူလာပေါ့တ်နဲ့ တောင်ပံတိုက်စစ်ကစားသမား မာရက်ဇ်တို့နှစ်ယောက်ထဲမှာလည်း မာရက်ဇ်က အသင်းနဲ့ လေ့ကျင့်ခန်းပြန်လည်ဆင်းနေပြီဖြစ်လို့ ဝုလ်ဗ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေပေမယ့် လာပေါ့တ်ကတော့ အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းနိုင်သေးတဲ့အတွက် အဂွဲရိုးနဲ့အတူ ဝုလ်ဗ်နဲ့ပွဲကို လွဲချော်နိုင်ပါတယ်။ ဒါကြောင့် မန်စီးတီးရဲ့ခံစစ်မှာ ကစားသမားသစ်ဖြစ်တဲ့ နာသန်အကီနဲ့ ဂျွန်စတုန်းစ် ဒါမှမဟုတ် အော်တာမန်ဒီတို့ တွဲဖက်ပြီးပွဲထွက်လာဖွယ် ရှိနေသလို တိုက်စစ်ပိုင်းမှာလည်း ဂါဘရီရယ်ဂျေဆူးပဲ ပွဲထွက်လာဖွယ်ရှိပြီး စတာလင် မာရက်ဇ် ဘာနာဒိုဆေးဗားနဲ့ အင်္ဂလန်အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ လူငယ်ကစားသမားလေး ဖေးလ်ဖိုဒန်ကိုလည်း အသုံးပြုလာဖွယ်ရှိနေပါတယ်။