ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ လက်စတာအသင်းကို လက်မြှောက် အရှုံးပေးခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အရှိန်မြှင့်ကာ ကြိုးပမ်းလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

လက်စတာအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးအသင်းဟာ ဂိုးသွင်းခွင့် အမြောက်အမြားကို ဖန်တီးနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးစစ်စစ် မပါဝင်တာကြောင့် ဂိုးသွင်းခွင့်တွေကို အဆုံးသတ်မယ့် ကစားသမား မရှိခဲ့ပဲ အသင်းရဲ့ တိုက်စစ်မှူးဟောင်း အီဟီရာနာချိုရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ လက်စတာအသင်းကို အရေးနိမ့်ခဲ့ရတာပါ။

Photo Credit: Metro

အဆိုပါရှုံးပွဲအပြီးမှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းသွားဖို့ စီစဉ်ခဲ့ပြီး ဟယ်ရီကိန်းအတွက် အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ တောင်ပံ ကစားသမား ဘာနာဒို ဆေးလ်ဗားကို အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးအသင်းဟာ ပုံမှန် ပွဲထွက်ခွင့် လိုချင်တာကြောင့် အသင်းကနေ ထွက်ခွာချင်နေတဲ့ ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို အလိုက်ပေးကာ ဟယ်ရီကိန်းအတွက် ဒုတိယမြောက် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Metro

တဖက်မှာလည်း အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ လီဗိုင်းနဲ့ ဆက်တိုက်ဆိုသလို ဆွေးနွေးမှုတွေ ပြုလုပ်ကာ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုနေပြီး စပါးအသင်း ကတော့ ဟယ်ရီကိန်းကို လက်မလွှတ်လိုပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်းကသာ ဟယ်ရီကိန်းအတွက် ဘာနာဒို ဆေးလ်ဗား + ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဆိုတဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ရင် စပါးအသင်းဟာ အဆိုပါ ကမ်းလှမ်းမှုကို လက်ခံဖို့ စဉ်းစားနိုင်ကြောင်းနဲ့ ပေါင် ၁၂၀သန်း အထက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားဖို့ ရှိနေကြောင်း စပါးအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောပြထားကြပါတယ်။