ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဘိုရှပ်ရှားမိုချန်ဂလာဘတ်အသင်းမှာ ခြေစွမ်းပြလို့နေတဲ့ ဆွတ်ဇာလန်ကွင်းလယ်ကစားသမား ဒင်းနစ်ဇာကာရီးယားကို လတ်တလောမှာ မိုချန်ရဲ့ဘွန်ဒစ်လီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းအပြင် ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်း မန်စီးတီးကလည်း အပြိုင်စိတ်ဝင်စားလို့နေပြီး လာမယ့်ဇန်နဝါရီစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားကြဖွယ်ရှိတယ်လို့ အီတလီသတင်းမီဒီယာကြီး Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bleacher Report

အသက်(၂၃)နှစ်အရွှယ်ရှိ ဆွတ်ဇာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဇာကာရီးယားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီလောက်ကတည်းက ဥရောပအသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာလည်း ဘိုင်ယန်မြူးနစ် လီဗာပူးလ် မန်စီးတီး အာဆင်နယ်အသင်းတွေရဲ့ ပစ်မှတ်ထားမှုကို ရရှိလို့ထားပါတယ်။ ကွင်းလယ်ခံစစ်နေရာမှာ ပါဝင်ကစားလေ့ရှိသူဖြစ်တဲ့ ဇာကာရီးယားဟာ ၂၀၁ရခုနှစ်ကမှ ဆွတ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းကနေ မိုချန်ဂလာဘတ်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းမှာ အလျင်အမြန် အထိုင်ကျခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ်နဲ့လည်း ပွဲတိုင်းနီးပါး ပါဝင်နေရပါတယ်။

Photo Credit : Youtube

ဇာကာရီးယားဟာ လက်ရှိအချိန်မှာတော့ ဒူးဒဏ်ရာ ခံစားနေရတဲ့အတွက် ဒီနှစ်ဘောလုံးရာသီအတွင်း မိုချန်ဂလာဘတ်အသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားထားရခြင်း မရှိသေးပဲ ၂၀၂ဝခုနှစ်တစ်ခုလုံး အသင်းအတွက် ပွဲအနည်းငယ်လေးသာ ပါဝင်ထားခဲ့ရပါတယ်။ ဒါပေမယ့် ဇာကာရီးယားရဲ့ ခြေစွမ်းတွေက တကယ့်ကို ထူးခြားကောင်းမွန်လာတာကြောင့် ကလပ်အသင်းတွေများစွာကနေ စိတ်ဝင်စားလာခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကလည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား ကင်မစ်ချ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဇာကာရီးယားကို အလိုရှိနေတာဖြစ်သလို မန်စီးတီးကလည်း သူတို့အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမားကြီး ဖာနန်ဒင်ဟိုရဲ့နေရာမှာ ရေရှည်အစားထိုးသွားဖို့အတွက် ဇာကာရီးယားကို အလိုရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ အေစီမီလန်အသင်းရဲ့ အယ်ဂျီးရီးယား ကွင်းလယ်ကစားသမား အစ္စမေးလ်ဘန်နာဆာကိုလည်း ပစ်မှတ်ထားလျက်ရှိနေပြီး လာမယ့်နွေစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ဘိုင်ယန်ကလည်း လတ်တလောမှာ အရမ်းခြေစွမ်းပြနေတဲ့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဟန်ဂေရီကွင်းလယ်ကစားသမားလေး ဒိုမီနစ်ဆာဘော့ဇ်လိုင်းကိုလည်း ရီးရဲလ် အာဆင်နယ် အေစီမီလန်အသင်းတွေနဲ့အတူ အပြိုင်စိတ်ဝင်စားနေပါတယ်။