မန်စီးတီးအသင်းအနေနဲ့ ယူအီးအက်အေကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတချို့ကို ချိုးဖောက်ခဲ့မိလို့ ချန်ပီယံလိဂ်ပြိုင်ပွဲဆီကနေ ဖယ်ရှားခံရလိမ့်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေဟာပြီးခဲ့တဲ့နှစ် ၂၀၁၉ခုနှစ်လောက်ကတည်းက ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီကိစ္စတွေက ဖြစ်လာနိုုင်စရာမရှိဘူးလို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကိုယ်တိုင် တုန့်ပြန်ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီနေ့မှာပဲ ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ မန်စီးတီးအသင်းကို လာမယ့်ဘောလုံးရာသီကနေစတင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ဆင်နွဲခွင့်မှ ၂ရာသီဆက်တိုက် ပိတ်ပင်လိုက်ကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ခုကို အံ့အားသင့်စဖွယ် ထုတ်ပြန်လာခဲ့ပါတယ်။
Photo Credit : Daily Express
ပရီးမီးယားလိဂ်ရဲ့လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ၂၀၁၂ခုနှစ်ကနေ ၂၀၁၆ခုနှစ်အတွင်း ယူအီးအက်အေကနေ ချမှတ်ထားတဲ့ ကလပ်အသင်းလိုင်စင်အပါအဝင် FFP လို့ လူသိများလှတဲ့ ဘဏ္ဍာရေးဟန်ချက်ညီမှု စည်းမျဉ်းတွေကိုပါ ချိုးဖောက်မိခဲ့ကြောင်း အသေအချာ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ယူအီးအက်အေကနေ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဝင် ပါဝင်ကစားခွင့် ၂ရာသီဆက်တိုက် ပိတ်ပင်ခဲ့သလို ယူရိုသန်း၃၀ကိုလည်း ဒဏ်ကြေးတပ်ခဲ့ပါတယ်။ မန်စီးတီးကတော့ ဒီဆုံးဖြတ်ချက်အပေါ် စိတ်ပျက်လျက်ရှိနေပြီး အယူခံဝင်သွားမယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Photo Credit :Sports Illustrated
၂၀၁၀ခုနှစ်နောက်ပိုင်းလောက်ကတည်းက နှစ်တိုင်းနီးပါးလိုလို ချန်ပီယံလိဂ်မှာ ဝင်ရောက်ကစားခွင့်ရခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာလည်း သူတို့ရဲ့ရပ်တည်မှုအရ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချရတဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း အခုလို ရုတ်တရက်ကြီး ချမှတ်ခံရတဲ့ ပြစ်ဒဏ်ကြောင့် ကလပ်အသင်းတိုင်းရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်နဲ့ လွဲချော်ရတော့မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိကပြစ်မှုကတော့ အသင်းရဲ့စပွန်ဆာဝင်ငွေတွေကို အကြောင်းပြပြီး အသင်းဘဏ္ဍာရေးအခြေအနေအပေါ် မလိမ့်တပတ်လုပ်ခဲ့တာဖြစ်ကာ အခုတော့ ဒီကိစ္စရပ်နဲ့ပတ်သက်ကာ နိုင်ငံတကာအားကစားခုရုံး CAS အထိ အယူခံဝင်သွားမယ်လို့ သိရပါတယ်။ တကယ်လို့သာ မန်စီးတီးတို့ ချန်ပီယံလိဂ်မှာ ဆင်နွဲခွင့်မရှိတော့ရင် ပရီးမီးယားလိဂ်မှာ အဆင့်၅နေရာကို ပိုင်ဆိုင်မယ့်အသင်းက မန်စီးတီးနေရာကို ရရှိသွားဖွယ်ရှိလို့နေပါတယ်။