MySport Myanmar

တိုက်စစ်ပိုင်းအတွက် မာမွတ်ရှ်ကို ခေါ်ယူနိုင်ဖို့ အရှိန်အဟုန်မြင့် ကြိုးပမ်းနေတဲ့ မန်စီးတီး

မန်စီးတီးအသင်းကတော့ ဒီဈေးကွက်အတွင်းမှာ ခံစစ်ပိုင်းအတွက် ဥဇဘက်ကစ္စတန် နောက်ခံလူ ခူဆာနော့ဗ်နဲ့ ဘရာဇီးလ်က ကစားသမားလေး ဗစ်တာ ရီးစ်တို့ကို ခေါ်ယူဖို့ သဘောတူညီမှုတွေ ရရှိထားခဲ့ပြီဖြစ်လို့ အခု တိုက်စစ်ပိုင်းအတွက် အိုမာ မာမွတ်ရှ်ကို ရရှိနိုင်ဖို့အတွက်သာ အရှိန်အဟုန်မြင့် ကြိုးပမ်းနေပါတယ်။

မန်စီးတီးက ဒီနွေမှာ ယူလီယန် အဲလ်ဗာရက်ဇ်ကို အသက်လက်တီကို မက်ဒရစ်ဆီ ရောင်းချခဲ့ပြီးတော့ ဘရာဇီးလ် တောင်ပံကစားသမားလေး ဆာဗင်ဟိုကို အသင်းဆီ ပြန်လည် ခေါ်ယူခဲ့ပေမယ့် ဆာဗင်ဟိုက စီးတီးအတွက် (၁)ဂိုးတည်းသာ သွင်းယူနိုင်ခဲ့သလို တိုက်စစ်မှာ အားအထားရဆုံးဖြစ်တဲ့ ဟာလန်းတောင် နောက်ဆုံး (၁၀)ပွဲမှာ (၆)ပွဲအထိ ဂိုးပေါက်ပျောက်ခဲ့ပါသေးတယ်။

Photo Credit : FootBoom

ဟာလန်းလို ဂိုးသွင်းစက် တစ်ဦးတောင် ဂိုးပုံမှန် သွင်းယူဖို့ ခက်ခဲလာချိန် ပြီးခဲ့တဲ့ ရာသီက အကောင်းဆုရထားတဲ့ ဖိုဒန်အပြင် ဒိုကူ ဂရီးလစ်ရှ်တို့ပါ ဂိုးရဖို့ ရုန်းကန်နေရတာကြောင့် မန်စီးတီးက ဒီဆောင်းဈေးကွက်မှာ အသင်းအတွက် တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖြည့်တင်းဖို့ စီစဉ်လာခဲ့ပါတယ်။

လက်ရှိမှာဆိုရင်တော့ မန်စီးတီးက ဖရန့်ဖတ်အသင်းက အီဂျစ်တိုက်စစ်ကစားသမား မာမွတ်ရှ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လို့ထားပြီး ကစားသမားနဲ့ပါ ပုဂ္ဂိုလ်ရေး သဘောတူညီမှုအထိ ရယူထားနိုင်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီးတော့ အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိနိုင်ဖို့ကတော့ ဆက်လက် ဆွေးနွေးနေဆဲသာ ရှိပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွယ် အီဂျစ်လက်ရွေးစင် မာမွတ်ရှ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ဖရန့်ဖတ်အတွက် အကောင်းဆုံး စွမ်းဆောင်ပြနေသူတစ်ဦး ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ (၁၆)ပွဲကစား (၁၄)ဂိုးသွင်း (၈)ဂိုးဖန်တီးထားသလို ပြိုင်ပွဲစုံမှာလည်း (၂၅)ပွဲကစား (၁၉)ဂိုးသွင်းပြီး (၁၂)ဂိုးအထိပါ ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါသေးတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ ကစားသမားကို ဖရန့်ဖတ်က ဝုလ်ဖ်ဘတ်ကနေ အလွတ်နဲ့ ရရှိထားခဲ့တာဖြစ်ပြီး ခုနေ အသင်းကနေ ရောင်းချရမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၈၀) ပေါင်(၆၇)သန်းလောက်အထိ အလိုရှိနေပါတယ်။ စီးတီးကတော့ မာမွတ်ရှ်အတွက် ပေါင်(၅၉)သန်းအထိသာ အသုံးပြုချင်တာကြောင့် အသင်းနှစ်သင်းကြား ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေကြပါတယ်။

Exit mobile version