မန်ချက်စတာ စီးတီးအသင်းက ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် ကွင်းလယ်လူ ရိုဒရီနေရာမှာ အစားထိုးဖို့အတွက် ရိုဒရီရဲ့ စပိန်အသင်းဖော် မာတင် ဇူဘီမန်ဒီကို လာမယ့် ဆောင်းဈေးကွက်မှာ ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

မန်စီးတီးရဲ့ အရေးအပါဆုံးသော ကစားသမားဖြစ်တဲ့ ရိုဒရီဟာ အာဆင်နယ်နဲ့ပွဲမှာ ACL ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ခွဲစိတ်မှုပါ ခံယူလိုက်ရပြီး အခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ အနားယူရတော့မှာဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့အတွက် စတင် စီစဉ်လာခဲ့ပါတယ်။

Photo Credit : Football Insider

တကယ်တော့ မန်စီးတီးအသင်းဆိုတာ ကစားသမားကောင်းတွေ (၂)သင်းဆလောက်အထိ ပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်ပေမယ့်လည်း အသင်းမှာက ရိုဒရီအပြင် ကယ်လ်ဗင် ဒီဘရိုင်းပါ ဒဏ်ရာရရှိနေတာကြောင့် ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦးကို ဈေးကွက် ပြန်လည် ဖွင့်လှစ်ချိန်မှာ ခေါ်ယူသွားဖို့ စီစဉ်လာပါတယ်။

မန်စီးတီးက ကွင်းလယ် options ပိုင်းအတွက် တိုရီနိုအသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမား ရစ်ချီကို စိတ်ဝင်စားလျက် ရှိနေတဲ့အပြင် အခု football insider ကနေ ဖော်ပြလာတဲ့ သတင်းအရလည်း ဆိုစီဒက်ရဲ့ စပိန် ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီကိုပါ စောင့်ကြည့်လို့နေတယ်လို့ သိရပါတယ်။

Photo Credit : Opta Analyst

ဇူဘီမန်ဒီက ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ ဒဏ်ရာရသွားတဲ့ ရိုဒရီနေရာ ဝင်ရောက်ကစားခဲ့ရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ဒီနွေမှာလည်း လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်ပြီးမှ ကစားသမားကိုယ်တိုင် လီဗာပူးလ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ ဆိုစီဒက်မှာသာ ဆက်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇူဘီမန်ဒီက လာမယ့် ဇန်နဝါရီမှာ ဆိုစီဒက်ကနေ ပြန်လည် ထွက်ခွာချင်နေပြီး လီဗာပူးလ်ဆီကနေ ထပ်မံ ကမ်းလှမ်းလာမှုကို မျှော်လင့်နေချိန် မန်စီးတီးကလည်း ဇူဘီမန်ဒီ အခြေအနေကို စောင့်ကြည့်လာနိုင်ပြီး တကယ်လို့ မန်စီးတီးသာ ကမ်းလှမ်းလာမယ်ဆိုရင် ဇူဘီမန်ဒီဘက်က လက်ခံသွားဖွယ်လည်း ရှိလာနိုင်ပါတယ်။