ဒီနှစ်ဘောလုံးရာသီမှာ ဆုဖလားအောင်မြင်မှုများစွာကို ရယူနိုင်ဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်နေတဲ့ မန်စီးတီးအသင်းဟာ အသင်းရဲ့ရေရည်စီမံကိန်းအတွက် ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမားလေးတွေကို ရှာဖွေစုဆောင်းလျက်ရှိနေရာ လက်ရှိမှာတော့ ဘရာဇီးထိပ်သီးကလပ် ဖလူမင်နီစ်အသင်းရဲ့ ဘရာဇီးလူငယ်ကစားသမားလေး ကိုင်းကီကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၁၇)နှစ်အရွှယ်သာရှိသေးတဲ့ ဆယ်ကျော်သက် ဘရာဇီးလူငယ်တိုက်စစ်မှူးလေး ကိုင်းကီဟာ သူရဲ့ဘရာဇီးစီနီယာ ကစားသမားတွေဖြစ်တဲ့ မာဆယ်လို ဖာဘင်ဟိုတို့လို ဖလူမင်နီစ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး နည်းစနစ်ကြွယ်ဝလှတဲ့ သူရဲ့ကစားပုံကြောင့် နေမာလက်သစ်လို့ပါ တင်စားခေါ်ဆိုခံထားရသူလည်းဖြစ်ပါတယ်။ ဒီကစားသမားလေးကို ဥရောပထိပ်သီး ကလပ်အသင်းများစွားကနေ ခေါ်ယူသွားဖို့ ကြိုးပမ်းနေကြပေမယ့် မန်စီးတီးက အခြားအသင်းတွေထက် လက်ဦးမှုရယူကာ ပြောင်းရွှေ့ကြေး ပေါင်(၉)သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

မန်စီးတီးအသင်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားဖွယ်ရှိနေတဲ့ တိုက်စစ်မှူးလေးကိုင်းကီဟာ လက်ရှိမှာတော့ ဘရာဇီးဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ဖလူမင်နီစ်အသင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပြီး ရာသီအကုန်မှာ မန်စီးတီးနဲ့ လာရောက်ပူးပေါင်းမှာလို့ သိရပါတယ်။ ဥရောပဘောလုံးလောကထဲကို အခုမှ စတင်ဝင်ရောက်လာမယ့် ကစားသမားလေး ဖြစ်နေတာကြောင့် အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ ကလပ်အသင်းတစ်သင်းသင်းဆီကို တစ်ရာသီခန့်လောက် အငှားချဖွယ်လည်း ရှိနေပါတယ်။ မန်ချက်စတာကို ရောက်ရှိလာတော့မယ့် ကိုင်းကီဟာ ပြိုင်ဘက်ဂိုးသမားနဲ့ တစ်ဦးချင်း ဆုံတွေ့ရချိန်မျိုးမှာ အကောင်းဆုံး အဆုံးသတ်နိုင်စွမ်းရှိတဲ့ တိုက်စစ်ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး ဂိုးသွင်းအားလည်း ကောင်းမွန်သလို နည်းစနစ်ပိုင်းမှာလည်း ကျွမ်းကျင်သူဖြစ်တယ်လို့ ဖလူမင်နီစ် ယူ-၁ရနည်းပြက ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ကိုင်းကီကိုသာမကပဲ ကိုင်းကီရဲ့ ဖလူမင်နီစ်အသင်းဖော် မယ်တင်ဟိုကိုလည်း တစ်ပါတည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။ ဒီကစားသမား(၂)ယောက်ဟာ ဘရာဇီးယူ-၁ရအသင်းမှာလည်း ပါဝင်ကစားထားခဲ့သူတွေလည်း ဖြစ်ပါတယ်။