MySport Myanmar

ဇူဘီမန်ဒီကို ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင် စိတ်ဝင်စားလာခဲ့တဲ့ ရီးယဲလ်

စပိန်နိုင်ငံရဲ့ နာမည်ကျော် သတင်းမီဒီယာကြီး Marca ရဲ့ ဖော်ပြချက်အရ ရီးယဲလ် မက်ဒရစ်အသင်းဟာ ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ စပိန် ကွင်းလယ်ခံစစ်ကစားသမား မာတင် ဇူဘီမန်ဒီကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေနဲ့အပြိုင် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

အသက် (၂၅)နှစ်အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ခြေစွမ်းပြထားနိုင်ခဲ့လို ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာပါ စပိန်အသင်းနဲ့အတူ ယူရိုချန်ပီယံဖလားကိုပါ ရယူနိုင်ခဲ့တာကြောင့် သူ့ကို ပရီးမီးယားလိဂ်အသင်းတွေအပြင် ဥရောပထိပ်သီး ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Sky Sports

ပြီးခဲ့တဲ့ နွေတုန်းက ဇူဘီမန်ဒီကို လီဗာပူးလ်အသင်းက တောက်လျှောက် လိုက်ခဲ့ပြီး အပြောင်းအရွှေ့ ဖြစ်လုနီးပါးမှ ကစားသမားဖြစ်သူက လီဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်လိုက်တာကြောင့် အပြောင်းအရွှေ့က ပျက်သွားခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာလည်း လီဗာပူးလ်အပြင် မန်စီးတီးနဲ့ အာဆင်နယ်တို့ပါ ဇူဘီမန်ဒီကို စိတ်ဝင်စားလာပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ စိတ်ဝင်စားခံနေရတဲ့ ဇူဘီမန်ဒီကို ဒီအသင်းတွေနဲ့အပြိုင် လာလီဂါကလပ်ကြီး ရီးယဲလ် မက်ဒရစ်ကပါ စိတ်ဝင်စားလာပါတယ်။ ရီးယဲလ်က အသင်းရဲ့ အဓိက ကစားသမားကြီးဖြစ်သူ တိုနီ ကရူးစ်ကို လက်လွတ်ရပြီးနောက်ပိုင်း အသင်း ကွင်းလယ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိလာခဲ့ရပါတယ်။

Photo Credit : The Liverpool Offside

ဒါ့အပြင် လာမယ့်နွေမှာလည်း ကရူးစ်ရဲ့ ရဲဖော်ဟောင်းကြီးဖြစ်သူ လူကာ မိုဒရစ်လည်း အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်လို့ ကွင်းလယ်ပိုင်းက ကစားသမားအင်အား နည်းပါးသွားမှာဖြစ်တာကြောင့် ရီးယဲလ်အနေနဲ့ ၂၀၂၄ ဘာလွန်းဒေါဆုရှင် မန်စီးတီး ကွင်းလယ်လူ ရိုဒရီအပြင် အခုလည်း ဇူဘီမန်ဒီကိုပါ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

ဇူဘီမန်ဒီနဲ့ ဆိုစီဒက်အသင်းတို့ကြားမှာ ယူရို သန်း(၆၀)တန် စာချုပ်ဖျက်သိမ်းကြေး ထားရှိထားပြီး လက်ရှိမှာတော့ ဇူဘီမန်ဒီက အသင်းမှာ ဆက်နေဖို့ထက် အသင်းပြောင်းဖို့ကိုသာ ပိုစိတ်အားထက်သန်လာတာကြောင့် ဆောင်းဈေးကွက် ဒါမှမဟုတ် လာမယ့် နွေရာသီ ဈေးကွက်အတွင်းမှာပဲ ဆိုစီဒက်ကနေ ထွက်ခွာသွားဖို့ ရှိနေပါတယ်။

Exit mobile version