ခရစ္စတယ်ပဲလေ့စ် လူငယ်အသင်းမှာ ပါဝင်နေတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်တောင်ပံတိုက်စစ်ကစားသမားလေး ဇီယွန်အက်တာကို လက်ရှိအချိန်မှာ ဂျာမန်ဘွန်ဒစ်လီဂါရဲ့လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်း အပါအဝင် ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ကပါ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၁၆)နှစ်အရွှယ်သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမားလေး ဇီယွန်အက်တာဟာ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကမှ မီဝေါလ်အသင်းကနေ ပဲလေ့စ်လူငယ်အကယ်ဒမီဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ သူရဲ့အကောင်းဆုံးသော ခြေစွမ်းတွေကို ပြသနိုင်ခဲ့လို့ ဒေသတွင်းက ထိပ်သီးအသင်းတွေအပြင် ပြည်ပလိဂ်တွေရဲ့ ထိပ်တန်းအသင်းတွေကပါ သူ့ကို စိတ်ဝင်စားလာခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက် ယူ-၁၈အသင်းကလည်း အက်တာကို အသင်းမှာ လာရောက်လေ့ကျင့်ခန်းဆင်းဖို့အထိပါ ဖိတ်ခေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Soccersouls

ဇီယွန်အက်တာဟာ လက်ရှိမှာ အသက်အရွှယ်အရ အရမ်းငယ်နေသေးတာကြောင့် ပဲလေ့စ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို မချုပ်ဆိုနိုင်သေးပဲ အသက်(၁၇)နှစ်ပြည့်ချိန်မှသာ စာချုပ်ချုပ်ဆိုနိုင်မှာဖြစ်ပြီး ဒီလို စာချုပ်မချုပ်ဆိုခင်မှာပဲ အရခေါ်ယူနိုင်ဖို့အတွက် ဘိုင်ယန် မန်စီးတီး လီဗာပူးလ်အသင်းတို့က ကြိုးပမ်းနေတာဖြစ်သလို အင်္ဂလန်လူငယ်ကြယ်ပွင့်လေးတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဘယ်လင်ဟမ်တို့ကို ပိုမိုတောက်ပလာအောင် လုပ်ဆောင်ပေးထားခဲ့တဲ့ ဒေါ့မွန်အသင်းကလည်း အက်တာကို ခေါ်ယူလိုနေပြီး စောင့်ကြည့်လျက်ရှိနေပါတယ်။ ပဲလေ့စ်အသင်းကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေး အက်တာကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် ဥရောပထိပ်သီးအသင်းတွေရဲ့ မျက်စိကျမှုကို ရရှိလာခဲ့တာကြောင့် အက်တာကို ဆက်ထိန်းထားနိုင်ဖို့က လွယ်ကူဖွယ်တော့ မရှိနိုင်ပါဘူး။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို အလျင်စလို ချမှတ်စရာ မလိုအပ်သေးတာမို့ ပဲလေ့စ်အသင်းမှာပဲ ဆက်လက်ရှိသွားဖွယ် ရှိနေပါတယ်။ အခုလို အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ပိုင်ဆိုင်လာခဲ့ရတဲ့ လူငယ်ကြယ်ပွင့်လေးအက်တာအနေနဲ့ မကြာခင်မှာပဲ ပဲလေ့စ်စီနီယာအသင်းကြီးမှာ ပါဝင်လာနိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရတော့မှာပါ။