ပူပူနွေးနွေး ကမ္ဘာ့ကလပ်ဖလား ချန်ပီယံ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် အယ်ချီဗယ်ရီကို ခေါ်ယူဖို့ အသင်းနဲ့ရော ၊ ကစားသမားနဲ့ပါ ပဏာမ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား ယူ-၁၇ အသင်းခေါင်းဆောင် အယ်ချီဗယ်ရီက ယနေ့ခေတ် ဘောလုံးလောကမှာ ရှားပါးနေတဲ့ ကွင်းလယ်ဖန်တီးရှင်စစ်စစ် ဖြစ်ပြီး သူက အာဂျင်တီးနား နာမည်ကြီးကလပ် ရေးဗားပလိတ်မှာ ကစားနေသူပါ။

Photo Credit: The Times

ညာခြေအားသန် လူငယ်ကြယ်ပွင့် အယ်ချီဗယ်ရီက ယခုနှစ် ဘောလုံးရာသီမှာ ရေးဗားပလိတ် အတွက် ပြိုင်ပွဲစုံမှာ ၁၅၅မိနစ်သာ ပါဝင် ကစားပေးထားပေမယ့် ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး သူ့ရဲ့ အလားအလာနဲ့ စွဲမက်စရာ ကောင်းတဲ့ ကစားပုံကြောင့် မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့က သူ့ကို ခေါ်ယူဖို့ အပြိုင် ကြိုးစားခဲ့ကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးဟာ အယ်ချီဗယ်ရီကို ခေါ်ယူဖို့ အတွက် ရေးဗားပလိတ်နဲ့ ပဏာမ သဘောတူညီမှု ရရှိခဲ့ပြီး မန်ချက်စတာ စီးတီးက အယ်ချီဗယ်ရီကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၅သန်း ပေးကာ ခေါ်ယူမယ်လို့ သိရပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsကလည်း မန်ချက်စတာ စီးတီးဟာ အယ်ချီဗယ်ရီကို ခေါ်ယူနိုင်တော့မယ့် အကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားသလို မကြာခင်မှာ မန်ချက်စတာ စီးတီးက အယ်ချီဗယ်ရီကို တရားဝင် ခေါ်ယူနိုင်တော့မယ်လို့ ဖော်ပြထားပါတယ်။

မန်ချက်စတာ စီးတီးက အယ်ချီဗယ်ရီကို ခေါ်ယူပြီးရင် အသင်းဆီ တခါထဲ ခေါ်ယူမှာ မဟုတ်ပဲ ရေးဗားပလိတ်ဆီ ရာသီကုန်ချိန် အထိ အငှားပြန်ချဖို့ စီစဉ်ထားကြောင်းလည်း နီးစပ်သူတွေက ဆိုထားပါတယ်။