ပရီးမီးယားလိဂ် အင်အားကြီးအအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ စပိန် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးရာမှာ အဆင်မပြေ ဖြစ်နေတဲ့ စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း နာမည်ကြီး ဥရောပ သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၅နှစ် အရွယ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ လာမယ့် ဇွန်လ ၃၀ရက်နေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတဦး ဖြစ်ပြီး အဆိုပါနေ့မတိုင်မီ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာနိုင်မယ့်သူပါ။

Photo Credit: Euro Sport

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရာမို့စ်ရဲ့ကြားမှာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်ခြင်း မရှိသလို ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုချင်ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်း ကတော့ အသင်းရဲ့ ပေါ်လစီအတိုင်း ၁နှစ်သက်တမ်းသာ ရှိတဲ့ စာချုပ်ကို ကမ်းလှမ်းထားပါတယ်။ စပိန်နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ မာကာရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ရာမို့စ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ တဖက်နဲ့ တဖက် အလျော့ပေးဖို့ ဆန္ဒမရှိပဲ ရီးရဲလ်မက်ဒရစ် အသင်းဟာ ရာမို့စ်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ယုံကြည်ချက် မရှိတော့ကြောင်း သိရှိရပါတယ်။

Photo Credit: Euro Sport

လတ်တလောမှာတော့ ရာမို့စ်ကို ခေါ်ယူဖို့ ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ၊ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီးတို့က စိတ်ဝင်စားနေကြပြီး မန်ချက်စတာ စီးတီးအသင်းဟာ အခြားအသင်းတွေထက် လက်ဦးမှု ရယူတဲ့ အနေနဲ့ ယခုထဲက ရာမို့စ်ကို ခေါ်ယူဖို့ ချဉ်းကပ်နေတာလည်း ဖြစ်ပါတယ်။ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPNရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးအသင်းဟာ ရာမို့စ်ကို သူ လိုချင်တဲ့ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားသလို ရာမို့စ်ရဲ့ လုပ်ခလစာကိုလည်း ယခု ရီးရဲလ်မက်ဒရစ် အသင်းမှာ ရရှိနေတဲ့ အတိုင်း ပေးချေမှာ ဖြစ်ကြောင်း သိရပါတယ်။