ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲတွေထဲက အစောပိုင်း ပွဲတပွဲ ဖြစ်တဲ့ ကိုပင်ဟေဂင်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲမှာတော့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိခဲ့သလို ကစားသမား တယောက်လည်း လျော့သွားခဲ့တာကြောင့် ဂိုးမရှိ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒိန်းမတ်မြေမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲ အတွက် မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက ဒီရာသီမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်နေတဲ့ အာလင်း ဟာလန်းကို အရန်ခုံမှာသာ ထားခဲ့ပြီး တိုက်စစ်မှူးသစ် အယ်ဗာရက်ဇ်ကို ဟာလန်းအစား တိုက်စစ်ကို ဦးဆောင်စေခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။

Photo Credit: Metro

ကိုပင်ဟေဂင် ၀-၀ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက ဟာလန်းနဲ့ ဖိုဒန်ကလွဲရင် လူစုံတက်စုံ အသုံးပြုခဲ့သလို ပွဲစထဲက သွင်းဂိုးတွေ ရယူနိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့် လှပတဲ့ ရိုဒရီရဲ့ အဝေးကန်ချက်ကြောင့် ရလာတဲ့ သွင်းဂိုးဟာ မာရက်ဇ်ရဲ့ လက်ထိဘောကြောင့် ပယ်ဖျက်ခံခဲ့ရပြီး မာရက်ဇ်ကလည်း ရလာတဲ့ ပင်နယ်တီကို အကောင်းဆုံး အသုံးမချနိုင်ခဲ့သလို လူငယ် နောက်ခံလူ ဂိုမက်စ်ကပါ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

၁၁ယောက်စီ ယှဉ်ပြိုင် ကစားရတဲ့ အချိန်မှာ မန်ချက်စတာ စီးတီးက ကိုပင်ဟေဂင်ထက် ခြေစွမ်းတွေ ပိုမို သာလွန်ခဲ့ပေမယ့် ၁ယောက် လျော့သွားချိန်မှာတော့ ကိုပင်ဟေဂင်က မန်ချက်စတာ စီးတီးရဲ့ ကစားကွက်ကို ပိုမို ထိန်းချုပ် ကစားလာခဲ့ပြီး ဟာလန်း မပါဝင်နိုင်ချိန်မှာ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်က ကိုပင်ဟေဂင်ဘက်ကို ဒုက္ခပေးနိုင်စွမ်း ကင်းမဲ့ခဲ့တာကိုလည်း သိသိသာသာ မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မန်ချက်စတာ စီးတီးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲချင်ရင် သွင်းဂိုးတွေ အတွက် ဟာလန်း တဦးထဲ အပေါ်ကိုသာ မှီခိုနေလို့ မရကြောင်း သတိပေးနေကြပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာကလည်း သူတို့အသင်းဟာ ဟာလန်းမပါရင် တိုက်စစ် စွမ်းဆောင်ရည် လျော့ကျသွားတတ်တာကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း အသင်းသားတွေကို သတိပေးထားပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၁၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်သူပါ။