MySport Myanmar

ပီအက်စ်ဂျီကနေ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ အမ်ဘာပေအား တိုက်တွန်းခဲ့တဲ့ မာလူဒါ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ပြင်သစ်တို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ မာလူဒါကတော့ ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့ရင် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းမယ့်အစား သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူက ပီအက်စ်ဂျီရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြင်သစ်ကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။

Photo Credit: The Sun

ဒါကြောင့်လည်း ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်း အများစုက ခေါ်ယူဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပြီး ပီအက်စ်ဂျီကလည်း အမ်ဘာပေကို သူတို့အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေပါတယ်။

လက်ရှိမှာ ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီကနေ ထွက်ခွာရင် သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ အခွင့်အလမ်း များနေပြီး ချယ်လ်ဆီးရဲ့ ကစားသမားဟောင်း ဖြစ်သူ မာလူဒါကတော့ ပြင်သစ်ကြယ်ပွင့် အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်မှာထက် ချယ်လ်ဆီးမှာပဲ ပိုမို မြင်တွေ့လိုနေပါတယ်။

Photo Credit: The Sun

မာလူဒါက – “ကျွန်တော်က အမ်ဘာပေ တယောက် ချယ်လ်ဆီးဆီ ရောက်အောင် လှော်ပေးနေတာ အတော်လေးကို ကြာနေပါပြီ။ ဒါပေမယ့် အခုထိတော့ ကျွန်တော်က မအောင်မြင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အမ်ဘာပေကို ချယ်လ်ဆီးမှာပဲ မြင်တွေ့ချင်ပါတယ်။ ဒါကြောင့် ကျွန်တော်က အမ်ဘာပေ တယောက် ချယ်လ်ဆီးဆီ ရောက်အောင် ဆက်ကြိုးစားဦးမှာပါ။ ကျွန်တော်က သူ့ကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ရဖို့ မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ် တခု ဖြစ်နေလို့ပါပဲ။ အမ်ဘာပေ လိုချင်တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အသင်းတွေ များများစားစား မရှိသလို သူ့ကို ဝန်းရံပြီး အသင်းကို တည်ဆောက်နိုင်တဲ့ အသင်းတွေကလည်း လက်ချိုးရေလို့ ရပါတယ်။ အမ်ဘာပေက ခေါင်းဆောင်ကောင်း တယောက်ပါ။ သူက ပြင်သစ်ရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့က သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းကို မေးခွန်းထုတ်စရာတော့ မလိုပါဘူး” ဆိုပြီး အမ်ဘာပေကို ချယ်လ်ဆီးဆီ ပြောင်းရွှေဖို့ တိုက်တွန်းသွားခဲ့တာပါ။

Exit mobile version