MySport Myanmar

ချယ်လ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက် ရလိမ့်မယ်လို့ ပြောလာတဲ့ မာလူဒါ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ မာလူဒါက သူရဲ့ အသင်းဟောင်း ချယ်လ်ဆီးဟာ နည်းပြသစ် ပိုချက်တီနိုရဲ့ ဦးဆောင်မှုကြောင့် ယခုနှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်လိမ့်မယ်လို့ သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ပြင်သစ် တိုက်စစ်မှူးဟောင်း မာလူဒါက ၂၀၀၇ခုနှစ် ကနေ ၂၀၁၃ခုနှစ် အထိ ချယ်လ်ဆီးအတွက် ကစားပေးခဲ့သူ ဖြစ်ပြီး သူက ၆နှစ်တာ ကာလအတွင်းမှာ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၃ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ရရှိခဲ့ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ ချယ်လ်ဆီးက အာဂျင်တီးနား ထိပ်သီးနည်းပြ ပိုချက်တီနိုနဲ့အတူ ခေတ်သစ် တခုကို စတင် တည်ဆောက်နေပြီး ချယ်လ်ဆီးက ယခု နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမား အများအပြားကို ရှင်းထုတ်ခဲ့သလို ကစားသမားသစ် များစွာ ခေါ်ယူကာ အသင်းကို သွေးသစ်လောင်းထားပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၃၀၀သန်း နီးပါး သုံးစွဲကာ အသင်းကို အင်အားဖြည့်တင်းထားပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၂) ပြီးဆုံးချိန်မှာ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲ ပျောက်နေပြီး သူတို့ရဲ့ ကစားပုံကလည်း အားရစရာ မကောင်းသေးပါဘူး။

Photo Credit: Transfer Market

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ပိုချက်တီနိုရဲ့ ချယ်လ်ဆီးဟာ ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်လိမ့်မယ်လို့ သုံးသပ်နေကြပြီး ချယ်လ်ဆီး ကစားသမားဟောင်း မာလူဒါကတော့ ပိုချက်တီနိုဟာ ကစားသမားတွေ အတွက် နေပျော်စရာ ပတ်ဝန်းကျင် တခုကို ဖန်တီးထားနိုင်တာကြောင့် ချယ်လ်ဆီးက ချန်ပီယံလိဂ်ဝင်ခွင့် ရလိမ့်မယ်လို့ ဆိုလာပါတယ်။

မာလူဒါက – “ပိုချက်တီနိုက အမြဲတမ်း သူ့ကစားသမားတွေရဲ့ စကားသံတွေကို နားထောင်လေ့ ရှိပါတယ်။ ဒါက သူ့ရဲ့ နည်းပြစတိုင်လ် ဖြစ်ပါလိမ့်မယ်။ သူက ကစားသမားတွေရဲ့ အသံကို နားထောင်လို့ တောင်းဆိုမှုတွေ မများတဲ့ နည်းပြတဦးလို့လည်း မထင်စေချင်ပါဘူး။ သူက ကစားသမားတွေ အတွက် သက်တောင့်သက်သာ ရှိမယ့် ပတ်ဝန်းကျင် တခုကို တည်ဆောက်နေတာပါ။ ပြီးတော့ သူက ကစားသမားတွေကို လေးစားတာလည်း တွေ့ရပါတယ်။ ကစားသမားတွေကို လေးစားလို့လည်း သူက ကစားသမားတွေ အများကြီးကို အသင်းမှာ မထားချင်ဘူးလို့ ပြောနေတာပေါ့။ ကစားသမားတွေကလည်း သူ့အတွက် အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ဒါမှသာ သူတို့က ပိုချက်တီနိုရဲ့ ယုံကြည်မှုကို ကျေးဇူးပြန်ဆပ်ရာ ရောက်ပါလိမ့်မယ်။ အခုမှ ရာသီအစပဲ ရှိသေးပေမယ့် ချယ်လ်ဆီးရဲ့ ကစားပုံက အထင်ကြီးစရာပါ။ ချယ်လ်ဆီးက ရလဒ်ကောင်းတွေ ရဖို့ပဲ လိုပါတော့တယ်။ ချယ်လ်ဆီးက အဆင့်၄အတွင်း ဝင်နိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့က အဆုံးသတ်မှာ အဆင့်၄အတွင်း ဝင်နိုင်ပါလိမ့်မယ်။ မန်ချက်စတာ စီးတီးကတော့ အသင်းတိုင်းထက် ခေါင်းတလုံး ပိုမြင့်နေတဲ့ အသင်းပါ။ စီးတီး ပြီးရင် လီဗာပူး ၊ နယူးကာဆယ်နဲ့ ချယ်လ်ဆီးတို့က အစဉ်လိုက်အတိုင်း ရပ်တည်နိုင်ပါလိမ့်မယ်။ ကျွန်တော်က ချယ်လ်ဆီးဟာ မန်ချက်စတာ ယူနိုက်တက်ကို ကျော်ပြီး အဆင့်၄အတွင်း ဝင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ချန်ပီယံကတော့ စီးတီးပဲ ဖြစ်ပါလိမ့်မယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version