MySport Myanmar

ဇန်နဝါရီမှာ ယူနိုက်တက်အတွက် ပြန်လာနိုင်တော့မယ့် မာလာစီယာ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နယ်သာလန် ဘယ်နောက်ခံကစားသမား တိုင်လာ မာလာစီယာဟာ လာမယ့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ အစောပိုင်း ကာလတွေမှာပဲ အသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မယ်လို့ အသင်းဘက်က တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် ဘယ်ခြမ်းခံစစ် ကစားသမား မာလာစီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဖီယင်နုကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့သော ဒတ်ချ် နောက်ခံအစွန်လူ ဖြစ်ပြီး မနှစ်က ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃၉)အထိ ကစားခွင့် ရရှိခဲ့ပါတယ်။

Photo Credit : Sky Sports

မာလာစီယာဟာ ဒီရာသီ မစတင်ခင်ကတည်းက ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် အသင်းရဲ့ ပွဲစဉ်တွေ အားလုံးကို လွဲချော်ထားခဲ့ရပြီး ဒဏ်ရာကနေ ပြန်လည် သက်သာခါနီး နောက်ထပ် နာကျင်မှုတွေ ထပ်မံ ခံစားလာရတာကြောင့် ခွဲစိတ်မှု နောက်တစ်ကြိမ် ထပ်မံ ခံယူလိုက်ရပြန်ပါတယ်။

ဒီခွဲစိတ်မှုက အောင်မြင်သွားခဲ့တဲ့အတွက် မာလာစီယာက လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းထဲ အပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေရင်း မကြာမီမှာ ကြံခိုင်မှု ပြည့်ပြည့်ဝဝနဲ့ ပြန်ကစားပေးနိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းနေပါတယ်။

Photo Credit : United in Focus

ယူနိုက်တက်အသင်းဟာ ဒီရာသီရဲ့ အစောပိုင်း ကာလအတွင်းမှာပဲ လုခ်ရှော မာလာစီယာတို့လို ဘယ်နောက်ခံလူတွေ ဒဏ်ရာ အသီးသီး ရရှိနေတာကြောင့် စပါးအသင်းက စပိန် နောက်ခံအစွန်လူ ရယ်ဂီလွန်ကိုပါ အငှားနဲ့ပါ ခေါ်ယူခဲ့ရပါတယ်။

အခုတော့ လုခ်ရှောက ဒဏ်ရာက သက်သာလာလို့ အသင်းအတွက် တောက်လျှောက် ပြန်ကစားနေရသလို မကြာခင်မှာလည်း မာလာစီယာပါ ပြန်လာနိုင်တော့မှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ရယ်ဂီလွန်ကို အငှားစာချုပ် ဖျက်သိမ်းပြီး စပါးအသင်းဆီ ပြန်ပို့ဆောင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Exit mobile version