ယခုနှစ် ဘောလုံးရာသီ အစကမှ နယ်သာလန် နာမည်ကြီးကလပ် ဖီယင်နုကနေ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ မာလာစီယာက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ ရင်ဆိုင်ရဖူးတဲ့ ပြိုင်ဘက်တွေ အနက် ရင်ဆိုင်ရ အခက်ဆုံး ပြိုင်ဘက်ဟာ အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့် ဆာကာ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဘယ်နောက်ခံလူ မာလာစီယာက ဖီယင်နုကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိကာစမှာ ပွဲထွက် ကစားခွင့်တွေ မရခဲ့ပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှ စတင်ကာ အသင်းရဲ့ ပွဲထွက် တနေရာစာကို ရရှိခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: BBC

မာလာစီယာက လျင်မြန်သလို ကစားပုံ မာကျောတဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်တာကြောင့် လီဗာပူးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလာကိုတောင် အကောင်းဆုံး ထိန်းချုပ်ပြခဲ့သူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် ၃-၁ အာဆင်နယ် ပွဲစဉ်မှာတော့ မာလာစီယာဟာ အာဆင်နယ်ရဲ့ အဓိက တိုက်စစ် ကစားသမား တဦး ဖြစ်သူ ဘူကာယို ဆာကာကို ထိန်းချုပ်နိုင်ဖို့ အတော်လေး ကြိုးစားခဲ့ရပါတယ်။

နယ်သာလန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Algemeen Dagblad သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မာလာစီယာက သူ့အတွက် ရင်ဆိုင်ရ အခက်ခဲဆုံး တိုက်စစ် ကစားသမားဟာ ဆာကာ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပြီး သူဟာ ဆာကာကို ထိန်းချုပ်နိုင်ဖို့ အတော်လေး ကြိုးစားခဲ့ရသလို ဆာကာလို အရမ်းကောင်းတဲ့ ကစားသမားမျိုးနဲ့ မရင်ဆိုင်ခဲ့ဖူးကြောင်းပါ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: BBC

မာလာစီယာက – “ကျွန်တော်က ဆာကာနဲ့ ရင်ဆိုင် ကစားနေရတဲ့ အချိန်အတွင်းမှာ အတော်လေးကို ရုန်းကန်ခဲ့ရသလို နောက်ဆုံး ဦးနှောက်ကို အနားပေးပြီး အရိုးရှင်းဆုံး အရာတွေကိုပဲ လုပ်ဖို့ အထိ ဆုံးဖြတ်ခဲ့ရပါတယ်။ အဲ့ဒီပွဲက ကျွန်တော့်ကို တိုးတက်သွားစေခဲ့တဲ့ ပွဲတပွဲလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။ တကယ်လို့ ကျွန်တော်သာ ဒီထက် ပိုစောပြီး ဆာကာနဲ့ ရင်ဆိုင်ခဲ့ရမယ် ဆိုရင် ဆာကာကို ပွဲချိန်ပြည့် ထိန်းချုပ်နိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်က ကိုယ့်ရဲ့ အမှားတွေကို ပြန်လည် ပြင်ဆင်ခွင့် ရခဲ့ပါတယ်။ ကျွန်တော်က နယ်သာလန်မှာ ဆာကာလိုမျိုး အရမ်းကောင်းတဲ့ ကစားသမားနဲ့ မရင်ဆိုင်ခဲ့ရပါဘူး။ သူ့ရဲ့ အဆင့်အတန်း ၊ သူ့ရဲ့ ပါဝါက တကယ်ကို ကောင်းပါတယ်။ ကျွန်တော်က နိုင်ငံပွဲတွေ ကစားမှပဲ သူ့လို ကစားသမားမျိုးနဲ့ ရင်ဆိုင်ဖူးတာပါ။ ပရီးမီးယားလိဂ်မှာတော့ သူ့လိုမျိုး ကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။