နယ်သာလန် နာမည်ကြီးကလပ် ဖီယင်နုရဲ့ အဓိက ဘယ်နောက်ခံလူ မာလာစီယာကတော့ သူ့ကို ကမ်းလှမ်းထားတဲ့ လိုင်ယွန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နှစ်သင်းအနက် လိုင်ယွန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဘယ်နောက်ခံလူ မာလာစီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖီယင်နုနဲ့အတူ အတော်လေး ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ဖီယင်နုအတွက် ပြိုင်ပွဲစုံ ၅၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

မာလာစီယာက မြန်နှုန်းမြင့် ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ ကစားသမား တဦး ဖြစ်သလို ခံစစ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကိုလည်း ဟန်ချက်ညီညီ ကစားနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ဂ်က အေဂျက်မှာ ရှိနေစဉ်ကတည်းက သူ့ကို ခေါ်ယူဖို့ မျက်စိကျနေခဲ့တာပါ။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က လိုင်ယွန်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ မာလာစီယာကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က မာလာစီယာ အတွက် ဖီယင်နုထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၃သန်းနဲ့ ကမ်းလှမ်းခဲ့ကာ ဖီယင်နုကလည်း ပြောင်းရွှေ့ကြေး ပိုပေးတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က မာလာစီယာကို ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ သဘောတူညီမှု ရရန်သာ လိုအပ်တော့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက မာလာစီယာရဲ့ အေဂျင်စီနဲ့ တွေ့ဆုံကာ စာချုပ်ကိစ္စ သဘောတူညီမှု ရရှိဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ရဲ့ ယနေ့မနက် အစောပိုင်း ဖော်ပြချက်အရ မာလာစီယာက လိုင်ယွန်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ကြောင်းနဲ့ မာလာစီယာဟာ မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေကြောင်း သိရပါတယ်။