MySport Myanmar

ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ မဟုတ်တဲ့ လီဗာပူးလ်အသင်း

ပရီးမီးယားလိဂ်က ထိပ်သီးကလပ်အသင်းတိုင်း အလိုရှိနေတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့် ဒက်ကလန်ရိုက်စ်ကို လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က နှစ်သက်သဘောကျမှု ရှိနေပေမယ့်လည်း ရိုက်စ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေနဲ့အပြိုင် ကမ်းလှမ်းမှုတွေတော့ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Insider

အသက်(၂၃)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းမှာရော အင်္ဂလန်အသင်းမှာပါ အကောင်းဆုံး ခြေစွမ်းပြနေသူဖြစ်ပြီး သူရဲ့ ကွင်းလယ်စွမ်းဆောင်ရည်ကောင်းတွေကြောင့် သူ့ကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်ချက်စတာစီးတီး မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးအသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြသလို လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ပါ ရိုက်စ်ကို နှစ်သက်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းကတော့ မန်စီးတီး ယူနိုက်တက် ချယ်လ်ဆီးအသင်းတွေနဲ့အပြိုင် ရိုက်စ်ကို ခေါ်ယူဖို့ ကမ်းလှမ်းသွားမှာ မဟုတ်ဘူးလို့ Football Insider သတင်းမီဒီယာက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီနောက်ပိုင်းမှာ ကစားသမားကောင်းတွေ ဆက်တိုက်မွေးထုတ်ပေးနေတဲ့ ချယ်လ်ဆီးအကယ်ဒမီထွက် ကွင်းလယ်လူ ရိုက်စ်ဟာ ၂၀၁၇ခုနှစ်ကနေစတင်ပြီး ဝက်စ်ဟမ်းစီနီယာ ကစားသမားအဖြစ်နဲ့ စတင်ပါဝင်ခွင့် ရရှိခဲ့သလို လက်ရှိမှာလည်း အသင်းရဲ့အသင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်နေတဲ့အပြင် အသင်းကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ထိပါ ပို့ဆောင်ထားနိုင်သူလည်း ဖြစ်နေပါတယ်။ ဒီကစားသမားကို ဝက်စ်ဟမ်းအသင်းဘက်က ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)လောက်အထိ ရရှိမှ လက်လွတ်သွားမယ်လို့ သတ်မှတ်ထားတာကြောင့် ဒီတန်ကြေးဟာ ရိုက်စ်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေအတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ၂၀၂၃ခုနှစ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရိုက်စ်ကို ဝက်စ်ဟမ်းဘက်ကနေ သက်တမ်းတိုးနိုင်ဖို့ကလည်း ခဲယဉ်းနေပြီး ကစားသမားကိုယ်တိုင်က သူရဲ့ကစားသမားဘဝ အတောက်ပဆုံးအချိန်မှာ ဝက်စ်ဟမ်းထက် ပိုမြင့်မားတဲ့ ကလပ်အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ချင်နေပါတယ်။ လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရိုက်စ်ဟာ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးကိုသာ ပြန်သွားချင်နေတယ်လို့ သိရှိရပါတယ်။

Exit mobile version