ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ မိုနာကို အသင်းကနေ ခေါ်ယူထားတဲ့ အသက် ၁၇နှစ် အရွယ် လူငယ် ကွင်းလယ် ကစားသမား မက်ဂျ်ဘရီကို လာမယ့် ဘောလုံးရာသီမှာ အသင်းအတွက် စတင် အသုံးပြုသွားဖို့ ကြံစည် နေတယ်လို့ Manchester Evening News သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ အသက် ၁၇နှစ်အရွယ် မက်ဂျ်ဘရီဟာ မိုနာကိုအသင်း ကနေ မန်ယူအသင်းထံကို ပြောင်းရွှေ့ကြေး ၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသက် ၁၇နှစ် အရွယ်သာ ရှိသေးပေမယ့် လက်ရှိ ဘောလုံးရာသီမှာ မန်ယူလူငယ် အသင်းတွေဖြစ်တဲ့ ယူ-၁၈အသင်းနဲ့ ယူ-၂၃အသင်းတွေမှာ ပါဝင် ကစားခွင့် ရရှိနေသူပါ​။

Photo Credit: Standard

မန်ယူအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ မန်ယူအသင်းနည်းပြ ဖြစ်သူ ဆိုးလ်ရှားဟာ မက်ဂျ်ဘရီရဲ့ ကစားဟန်တွေကို အလွန် သဘောကျနေကြောင်းနဲ့ မက်ဂျ်ဘရီဟာ လက်ရှိ မန်ယူလူငယ်အသင်းကနေ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးလို အသင်းမှာ ထွန်းပေါက် မယ့် ကစားသမားအဖြစ် သတ်မှတ်ထားတယ် လို့ သိရှိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ဆိုးလ်ရှားဟာ လာမယ့် ဘောလုံးရာသီမှာ မက်ဂျ်ဘရီကို အသင်းကြီးနဲ့အတူ ရှိနေဖို့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနဲ့ ပေါ့ဘာ ၊ ဘရူနို ဖာနန်ဒက် ၊ ဖရက်ဒ် ၊ တော်မီနေး ၊ မာတစ်တို့ရဲ့ နောက် အသင်းရဲ့ ဆဋ္ဌမမြောက် ဦးစားပေး ကွင်းလယ်လူအဖြစ်လည်း မက်ဂျ်ဘရီကို သတ်မှတ်ထားတယ်လို့ သိရှိထားရပြီး မက်ဂျ်ဘရီကြောင့် လက်ရှိ မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ လင်ဂတ်နဲ့ ပါရဲယားတို့ ကတော့ အသင်းကို စွန့်ခွာသွားရနိုင်ချေ ရှိနေပါတယ်။

Photo Credit: Standard

Manchester Evening News သတင်းစာရဲ့ ဖော်ပြချက်အရတော့ ဆိုးလ်ရှားဟာ ယူ-၁၈ အသင်းရဲ့ နည်းပြဖြစ်သူ နေးလ်ရိုင်ယန်ရဲ့ မက်ဂျ်ဘရီနဲ့ ပတ်သတ်ပြီး သတင်းပို့မှုတွေကို သဘောကျခဲ့တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ ရိုင်ယန်တော့ မက်ဂျ်ဘရီရဲ့ ခြေစွမ်းတွေကို အလွန် သဘောကျနေပြီး မက်ဂျ်ဘရီရဲ့ ခြေစွမ်းအပေါ် အခုလိုပဲ ပြောပြ သွားခဲ့ပါတယ်။ ရိုင်ယန်က ” သူက အသင်းကို ရောက်လာချိန်မှာ နာမည်ကြီးနေပါပြီ။ သူဟာကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ ကောင်းမွန်တဲ့ အကျင့်စရိုက်လည်း ရှိတဲ့သူပါ။ တကယ်ကို တော်တဲ့ ကလေးတစ်ယောက်ပါ။ ပြီးတော့ သူက တခြားကလေးတွေလို အရမ်းကို အလုပ်ကြိုးစားပါတယ်။ သူ့ကို ကွင်းအထဲမှာ မြင်နေရတဲ့ အချိန်မှာလည်း အပေါင်းလက္ခဏာတွေကို မြင်တွေ့ခဲ့ရပါတယ်။ သူဟာ အများကြီး မျှော်လင့်ခံထားရတဲ့ ကစားသမားတွေထဲက တစ်ဦးပါ ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။