MySport Myanmar

အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ ပွဲစဉ်မှာ ပွဲထွက်လူစာရင်းထဲ ပါဝင်လာဖွယ် ရှိတဲ့ ကိုဘီ မိုင်နူး

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ၀-၁ ဘရာဇီးလ် ပွဲစဉ်မှာ အင်္ဂလန် ကစားသမား ဘဝ ပွဲဦးထွက်ကို ဝင်ရောက် ကစားခွင့် ရခဲ့တဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ ပွဲစဉ်မှာ သူ့ရဲ့ အင်္ဂလန် ကစားသမား ဘဝ ပထမဦးဆုံး ပွဲထွက်ခွင့်ကို ရရှိဖွယ် ရှိနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ် ပူပူနွေးနွေး အင်္ဂလန်လက်ရွေးစင် ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘရူနို ဖာနန်ဒက်စ် ၊ ကတ်စ်မဲရိုး စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းခွင့် ရနေပါတယ်။

Photo Credit: Daily Star

ကိုဘီ မိုင်နူးက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နှစ်နေရာစလုံးမှာ ကောင်းကောင်း ကစားနိုင်စွမ်း ရှိပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၂၀ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။

အင်္ဂလန် ၀-၁ ဘရာဇီးလ် ပွဲစဉ်မှာတော့ ကိုဘီ မိုင်နူးက ပွဲချိန် မိနစ် ၈၀ကျော်မှာ အသင်းဖော် ဂါလက်ချာနဲ့ လူစားလဲကာ သူ့ရဲ့ အင်္ဂလန် ကစားသမား ဘဝ ပထမဦးဆုံးပွဲကို ဝင်ရောက် ကစားခွင့် ရခဲ့ပြီး မိုင်နူးဟာ ၁၀မိနစ်ကျော်ကျော်သာ ကစားခဲ့ရပေမယ့် သူ့ရဲ့ အရည်အသွေးတွေကို အကောင်းဆုံး ချပြနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ် အပါအဝင် နည်းပြအဖွဲ့ဝင်တွေက မိုင်နူးရဲ့ ခြေစွမ်းကို သဘောကျနေကြပြီး နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောကတော့ ကိုဘီ မိုင်နူးဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ပွဲစဉ်မှာ အင်္ဂလန်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ဖို့ ရာခိုင်နှုန်း များနေကြောင်း အခိုင်အမာ ဖော်ပြလာပါတယ်။

အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံ ပွဲစဉ်မှာ အသစ်စက်စက် အင်္ဂလန်အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ် ၊ မိုင်နူးနဲ့ ဘယ်လင်ဟမ်တို့က အင်္ဂလန်ရဲ့ ကွင်းလယ်ကို ဦးဆောင် ကစားရဖွယ် ရှိနေပြီး ဘယ်လင်ဟမ်ရဲ့ နေရာမှာ မက်ဒီဆန်လည်း ပါဝင်လာနိုင်ပါတယ်။

Exit mobile version