MySport Myanmar

စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချပြီး ယူနိုက်တက်ကနေ ထွက်ခွာမယ့် မိန်းနူး

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ကွင်လယ်ကစားသမားလေး ကိုဘီ မိန်းနူးဟာ ဒီနွေမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေပြီး ပြည်ပကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၁၉)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားလေး မိန်းနူးဟာ (၆)နှစ်သား အရွယ်ကတည်းက ယူနိုက်တက်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၂၂ခုနှစ်မှာ အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့သလို ၂၀၂၃ နှစ်စပိုင်းမှာပဲ ယူနိုက်တက်အတွက် ပထမဆုံးအကြိမ်အဖြစ် စတင် ကစားပေးခွင့် ရခဲ့ပါတယ်။

Photo Credit : Goal

၂၀၂၃-၂၄ ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦးလို ပါဝင်လာခဲ့ရတဲ့ မိန်းနူးက အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ရင်း FA Cup ဖလားကို ရယူပေးခဲ့သလို အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရပါတယ်။ ဒါပေမယ့် ဒီရာသီထဲမှာတော့ မိန်းနူးဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပုံမှန်ခြေစွမ်း ပြသဖို့တောင် ခက်ခဲနေပါတယ်။

ဒါ့အပြင် လက်ရှိမှာ အသင်းဘက်က မိန်းနူးကို စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်လာချိန်မှာလည်း မိန်းနူးရဲ့ အေးဂျင့်တွေဘက်က သူတို့ကစားသမားအတွက် တစ်ပတ်လုပ်ခ ပေါင်(၁၈၀၀၀၀)လောက်အထိ ပေးချေဖို့ တောင်းဆိုထားသလို တကယ်လို့ အဲ့ဒီအတိုင်းသာ တိုးမြှင့်မပေးရင် လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

The Guardian ရဲ့ ဖော်ပြချက်အရ မိန်းနူးဟာ ယူနိုက်တက် ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ငြင်းပယ်ဖို့ စိတ်ကူးထားပြီး ဒီနွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြံရွယ်ထားတယ်လို့ သိရပါတယ်။ ဒီကစားသမားလေးကို ချယ်လ်ဆီးအသင်းက ပစ်မှတ်ထားလျက် ရှိနေပေမယ့် မိန်းနူးကတော့ ယူနိုက်တက်က ထွက်ခွာဖြစ်ရင် ပြည်ပကလပ်အသင်းတွေဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။

ယူနိုက်တက်က သူတို့ရဲ့ ကွင်းလယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၇၀)လောက်အထိ အလိုရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ လာမယ့်နွေမှာ အသင်းအတွက် လိုအပ်တဲ့ ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့နဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေ မငြိစွန်းဖို့အတွက် မိန်းနူး ဂါနာချိုတို့လို့home grown players တချို့ကို ရောင်းထုတ်သွားရနိုင်ပါတယ်။

Exit mobile version