ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ဘရာဇီးလ်တို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ အင်္ဂလန်အတွက် လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားခွင့် ရခဲ့တဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက သူ့ရဲ့ အင်္ဂလန် ကစားသမားဘဝ ပထမဦးဆုံးပွဲကို အင်္ဂလန်နိုင်ငံရဲ့ နိုင်ငံပိုင်ကွင်း ဖြစ်တဲ့ ဝင်ဘလေကွင်းထဲမှာ ကစားခွင့် ရခဲ့တဲ့ အတွက် ထူးခြားတဲ့ ခံစားချက် တခုကို ခံစားနေရကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက အစဉ်အဆက် အင်္ဂလန်အတွက် အားကိုးရတဲ့ ကစားသမားတွေကို မွေးထုတ်ပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပါတယ်။

Photo Credit: The Athletic

ကိုဘီ မိုင်နူးက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်နေပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်က သူ့ကို အင်္ဂလန်အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းခဲ့သလို ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ၀-၁ ဘရာဇီးလ် ပွဲစဉ်မှာလည်း ကိုဘီ မိုင်နူးကို လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားခွင့် ပေးခဲ့ပါတယ်။

Photo Credit: Sky Sports

မိုင်နူးက သူ့ရဲ့ အင်္ဂလန် ကစားသမား ဘဝ ပထမဦးဆုံး ပွဲစဉ်မှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပွဲဦးထွက်ကို အင်္ဂလန်နိုင်ငံရဲ့ နာမည်ကျော် ဝင်ဘလေကွင်းထဲမှာ ကစားခွင့် ရခဲ့သလို သူ့ရဲ့ မိသားစုဝင်တွေကလည်း ပွဲကို လာကြည့်ခဲ့တာကြောင့် မမေ့နိုင်စရာည တညကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ကိုဘီ မိုင်နူးက – “ကျွန်တော့်ရဲ့ အင်္ဂလန် ကစားသမား ဘဝ ပထမဦးဆုံးပွဲကို ဝင်ဘလေကွင်းထဲမှာ ကစားခွင့် ရခဲ့သလို ကျွန်တော့်ရဲ့ မိသားစုတွေရဲ့ အရှေ့မှာ ကစားပြနိုင်ခဲ့တဲ့ အတွက် ထူးခြားတဲ့ ခံစားချက်ကို ခံစားနေရပါတယ်။ ကျွန်တော်က ဒီအခိုက်အတန့်ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး” လို့ သူ့ရဲ့ အင်္ဂလန် ကစားသမားဘဝ ပထမဦးဆုံးပွဲ အတွေ့အကြုံနဲ့ ပတ်သတ်ပြီး ဖွင့်ဟ ပြောကြားထားပါတယ်။