မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ်အသင်းမှာ ကစားသမား-နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ တွမ် ဟတ်ဒယ်စတုန်းက ယူနိုက်တက် လူငယ် ကစားသမားလေး ကိုဘီ မိန်းနူးက ယာယာတိုရေး လက်သစ်လေးတစ်ဦးလို့ အမွှမ်းတင် နှိုင်းယှဉ် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၁၈)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် ဆယ်ကျော်သက် ကစားသမားလေး မိန်းနူးဟာ အချိန်တိုလေးအတွင်းမှာပဲ ယူနိုက်တက် စီနီယာအသင်းအတွက် ကစားခွင့် ရရှိလာရင်းနဲ့ ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး အတော်လေး တောက်ပလာခဲ့ရပါတယ်။

Photo Credit : Opta Analyst

အခုဆိုရင်တော့ မိန်းနူးဟာ ယူနိုက်တက်ရဲ့ ကွင်းလယ်ပိုင်းမှာ သူရဲ့စီနီယာ ကစားသမားတွေဖြစ်တဲ့ အဲရစ်ဆင် အမ်မရာဘတ်နဲ့ တွမ်မီနေးတို့ကိုပါ ကျော်လွန်ပြီး ပွဲကစားခွင့်တွေ ပိုမို ရရှိလို့နေပြီး သူကိုယ်တိုင်ကလည်း ရရှိလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ပါတယ်။

ဒီလို အသက်ငယ်ငယ်လေးနဲ့ အကောင်းဆုံး စွမ်းဆောင်မှုတွေကို ပြသထားနိုင်တဲ့ မိန်းနူးကို ဘောလုံးအသိုင်းအဝိုင်းက ချီးကျူးမှုတွေ လုပ်ဆောင်လာခဲ့သလို ယူနိုက်တက် လူငယ်အသင်းမှာ ကစားသမား-နည်းပြအဖြစ်နဲ့ ဆောင်ရွက်နေတဲ့ ဟတ်ဒယ်စတုန်းကပါ မိန်းနူးကို ယာယာတိုရေးနဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။

Photo Credit : Opta Analyst

“ကာရင်တန် လေ့ကျင့်ရေးကွင်းဆီ ရောက်ခဲ့တဲ့ တစ်နေ့က ကစားသမားတွေ လေ့ကျင့်ခန်းဆင်းနေတာကို ကြည့်မိလိုက်တော့ ကစားသမားလေးတစ်ဦးကို သတိထားမိသွားခဲ့တယ်။ အဲ့ဒီကစားသမားလေး ကိုဘီ မိန်းနူးဆိုတဲ့ လူငယ် ကစားသမားလေး။ သူ့ကိုကြည့်ရတာ ယာယာတိုရေး လက်သစ်လေးလို့ပါပဲ။” လို့ ဟတ်ဒယ်စတုန်းက ပြောဆိုသွားခဲ့ပါတယ်။

မိန်းနူးဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပြီး (၂)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သလို (၁၇)ပွဲမှာလည်း (၁၃)ပွဲကိုတော့ ပွဲထွက်ကစားသမားအဖြစ်နဲ့ ကစားထားခဲ့ရပါတယ်။