ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက သူ့ရဲ့ စံပြ ကစားသမားဟာ ဘရာဇီးလ်ဂန္တဝင် ကစားသမားကြီး ရော်နယ်ဒင်ဟို ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ မွေးထုတ်ပေးခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့အတူ အတော်လေး တောက်ပနေပါတယ်။

Photo Credit: Standard

ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ရဲ့ ယုံကြည်မှုကို အပိုင်စား ရရှိထားသလို သူက ယခုနှစ်ရာသီမှာ ကတ်စ်မဲရိုးနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနေပြီး မိုင်နူးဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။

မိုင်နူးက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားလေ့ ရှိတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် ဖြစ်တာကြောင့် သူ့ရဲ ဘောလုံးအမြင် ၊ လှည့်ထွက်ပုံနဲ့ ဘောလုံးပေးပို့မှုတွေက ထိပ်တန်းအဆင့်မှာ ရှိသလို ထူးခြားစွာပဲ သူ့မှာ ပြိုင်ဘက် ကစားသမားတွေကို အလွယ်တကူ လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်းလည်း ရှိနေပါတယ်။

Photo Credit: Medium

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကိုဘီ မိုင်နူးက သူ့ရဲ့ စံပြကစားသမားဟာ ဘောလုံးကဝေလို့ တင်စားခံထားရတဲ့ ရော်နယ်ဒင်ဟို ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မိုင်နူးက – “ကျွန်တော့်ရဲ့ စံပြကစားသမားလား။ ကျွန်တော်က ရော်နယ်ဒင်ဟိုရဲ့ ကစားပုံတွေကို လေ့လာပြီး ကြီးပြင်းလာတာပါ။ သူက ကျွန်တော့်ရဲ့ စံပြကစားသမား ဖြစ်သလို အကြိုက်ဆုံး ကစားသမားလို့ ပြောရင်လည်း မမှားပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

ဘရာဇီးလ် ဂန္တဝင် ကစားသမားကြီး ရော်နယ်ဒင်ဟိုက ဘောလုံးသမိုင်းမှာ ဘောလုံးစွမ်းရည် အပြည့်ဝဆုံး ကစားသမား အဖြစ် တင်စားခံထားရသူ ဖြစ်ပြီး ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာ ၊ အေစီမီလန် စတဲ့ ကလပ်တွေနဲ့အတူ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့သလို ၂၀၀၅ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း သိမ်းပိုက် ရယူနိုင်ခဲ့သူပါ။