မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ကိုဘီ မိုင်နူးဟာ ဒီနေ့ည ဂွတ်ဒီဆင်ပတ်ခ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမယ့် အဲဗာတန် နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်အတွင်း ပွဲထွက် ကစားခွင့် ရရှိလာနိုင်တယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၁၈)နှစ်အရွယ် အင်္ဂလန် ဆယ်ကျော်သက် ကစားသမားလေး မိုင်နူးဟာ ယူနိုက်တက် အကယ်ဒမီက ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာပဲ စီနီယာ အသင်းကြီးအတွက် ပွဲကစားခွင့်တွေ စတင် ရရှိလာခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း မိုင်နူးကို ဒီနှစ်ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ကစားခွင့်တွေ ပေးလာခဲ့ရာ မိုင်နူးကလည်း ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ ခြေစွမ်းတွေကိုပါ ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မိုင်နူးဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ခြေစမ်းပွဲစဉ်အတွင်းမှာပဲ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် လအတန်ကြာ အနားယူလိုက်ရပြီး သိပ်မကြာခင်ကမှသာ ဒဏ်ရာကနေ ပြန်လည် သက်သာလာရင်း လူငယ်ပွဲတွေထဲ ပါဝင် ကစားလာနိုင်တာ ဖြစ်ပါတယ်။

Photo Credit : United in Focus

လက်ရှိ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်မှာ ကက်စီမဲရိုး အဲရစ်ဆင် နဲ့ မေဆန်မောင့်တို့ ဒဏ်ရာ ပြသာနာ အသီးသီးနဲ့ ရင်ဆိုင်နေရပြီး အဲဗာတန်နဲ့ ပွဲကိုလည်း သေချာပေါက် လွဲချော်ရနိုင်ဖွယ် ရှိနေတာကြောင့်မို့ တန်ဟက်ဂ်က အသင်းကွင်းလယ်မှာ မိုင်နူးကို ကစားခွင့်ပေးဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို အနေအထားမှာ အသင်းရဲ့ ကွင်းလယ်ထဲ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် ၊ တွမ်မီနေး နဲ့ အမ်မရာဘတ်တို့ ရှိနေပေမယ့်လည်း အားလုံးက နိုင်ငံပွဲတွေကြောင့် ပွဲပန်းမှုဒဏ် ခံနေရသလို လာမယ့် ကြားရက် ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲကလည်း အရေးကြီးနေတာကြောင့် မိုင်နူးကို အသုံးပြုလာဖို့ ရှိနိုင်ပါတယ်။