အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ မိုင်ဖရီဒီကတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဟာ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို သူ့ရဲ့ အသင်းဟောင်းဆီ အလွယ်တကူ ပြောင်းရွှေ့ခွင့် ပေးလိုက်မှုရဲ့ နောက်ကွယ်မှာ မရိုးသားတဲ့ အကြောင်းအရာတွေ ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝေဖန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဂျူဗင်တပ် ကနေ ၂၀၁၇ခုနှစ်မှာ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၀၅သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် ခေါ်ယူပြီး ၅နှစ် အကြာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာတော့ ပေါ့ဘာကို ဂျူဗင်တပ်ဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့ခွင့် ပေးခဲ့ပါတယ်။

Photo Credit: Standard

ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက်ကနေ ဂျူဗင်တပ်ထံ ပြန်လည် ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပူးပေါင်းနိုင်ခဲ့ပေမယ့် ရာသီကြို ခြေစမ်းပွဲ အဖြစ် ကစားခဲ့တဲ့ ဂျူဗင်တပ် ၂-၀ ချေးဗက်ပွဲမှာ ဒူးဒဏ်ရာ ရသွားတာကြောင့် အောက်တိုဘာလ လလယ်ပိုင်းလောက် အထိ အနားယူခဲ့ရပါတယ်။

ပေါ့ဘာက ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ဂျူဗင်တပ်နဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ပေမယ့် ယခုတပတ် အစောပိုင်းမှာပဲ ကြွက်သားဒဏ်ရာ တခု ရသွားတာကြောင့် နောက်ထပ် တလ ဝန်းကျင် ထပ်မံ အနားယူရဦးမှာပါ။

Photo Credit: Standard

ဒါကြောင့်ပဲ ဂျူဗင်တပ်နဲ့ နီးစပ်သူတွေက ပေါ့ဘာရဲ့ ကြံ့ခိုင်မှု အနေအထားနဲ့ ပတ်သတ်ပြီး စိတ်ပျက်နေကြကာ ဂျူဗင်တပ်ရဲ့ နည်းပြဟောင်း ဖြစ်သူ မိုင်ဖရီဒီကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေကို သိတာကြောင့် သူ့ကို ဂျူဗင်တပ်ဆီ အလွယ်တကူ ပြန်ပြောင်းခွင့် ပေးကာ ဂျူဗင်တပ်ကို ဂျင်းထည့်ခဲ့တယ်လို့ ဆိုလာပါတယ်။

မိုင်ဖရီဒီက – “ဂျူဗင်တပ်ရဲ့ ဒီရာသီ ရလဒ်တွေ ဆိုးဝါးနေမှု နောက်ကွယ်မှာ ညံ့ဖျင်းတဲ့ အပြောင်းအရွှေ့တွေ လုပ်ခဲ့တာကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့က မန်ချက်စတာ ယူနိုက်တက် ကနေ ပေါ့ဘာကို အလွယ်လေး ခေါ်ယူနိုင်ခဲ့လို့ ပျော်ခဲ့ကြပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ပေါ့ဘာရဲ့ လျို့ဝှက်ချက်တွေ အကြောင်းကို ကောင်းကောင်းကြီး သိလို့ သူ့ကို အသင်းပြောင်းခွင့် ပေးခဲ့တာပါ။ သူတို့က ပေါ့ဘာရဲ့ ကြံ့ခိုင်မှုနဲ့ ဒဏ်ရာပြဿနာတွေ အကြောင်းကို သိနေခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။