MySport Myanmar

မာရက်ဇ်ကို ဒီကနေ့မှာပဲ တရားဝင် ကမ်းလှမ်းသွားမယ့် အယ်လ် အာလီ

   ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် အာလီအသင်းကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ အယ်လ်ဂျီးရီးယား ဝါရင့် တောင်ပံ ကစားသမားကြီး ရီးယတ်ဒ် မာရက်ဇ်ကို ဒီကနေ့မှာပဲ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်သွားတော့မယ်လို့ Foot Mercato ရဲ့သတင်းထောက်ဖြစ်သူ Santi Aouna က သတင်းဖော်ပြလာခဲ့ပါတယ်။

Photo Credit : talkSPORT

   တိုက်စစ်မှူး ရောဘတ်တို ဖာမီနို နဲ့ ဂိုးသမား အက်ဒွါ မန်ဒီတို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့ ဆော်ဒီကလပ် အယ်လ် အာလီအသင်းဟာ အသင်းရဲ့ ကစားသမား အင်အား ပိုမို တောင့်တင်းလာစေဖို့အတွက် မာရက်ဇ်လို ကစားသမားမျိုးကို ထပ်မံ ခေါ်ယူချင်နေပြီး မာရက်ဇ်ကိုယ်တိုင်ကလည်း အယ်လ် အာလီကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီထားခဲ့ပါတယ်။ ဒါကြောင့် မာရက်ဇ်ဆီကနေ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိထားတာကြောင့် ဒီနေ့မှာပဲ မာရက်ဇ်အတွက် မန်စီးတီးကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိနေပါတယ်။

Photo Credit : Football Insider

   Foot Mercato ရဲ့ သတင်းဖော်ပြချက်မှာတော့ အယ်လ် အာလီအသင်းက ယူရို သန်း (၂၀)ဝန်းကျင်နဲ့ တရားဝင် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မာရက်ဇ်ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးပြီး မနှစ်က ဘောလုံးရာသီမှာဆိုရင်လည်း အသင်းအတွက် ပွဲပေါင်း (၄၇)ပွဲအထိတောင် ပါဝင်ထားသူဖြစ်သလို (၁၅)ဂိုးသွင်း (၁၃)ဂိုးအထိ ဖန်တီးထားပေးနိုင်လို့ ဒီလို ကစားသမားမျိုးကို ယူရို သန်း (၂၀)လောက်နဲ့ လက်လွတ်သွားပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။

   ဒါပေမယ့် မာရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူကတော့ မန်စီးတီးနဲ့ ဆွေးနွေးမှု ပြုလုပ်ရင်းနဲ့ သူ့ကစားသမားကို အယ်လ် အာလီအသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုထားခဲ့သေးကြောင်း ရိုမာနိုက ဖော်ပြထားခဲ့ပါသေးတယ်။ ဆွေးနွေးမှုတွေလည်း ဆက်လက် လုပ်ဆောင်နေသေးတယ်လို့ သိရပါတယ်။

Exit mobile version