မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား မာရက်ဇ်ကတော့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလဟာလတွေ ထွက်နေသလို မာဆေးလ်အသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်တာမဟုတ်ပဲ လက်ရှိ သူပါဝင်ကစားနေတဲ့ မန်စီးတီးအသင်းမှာသာ သူရဲ့ကစားသမားဘဝ ဆုံးခန်းတိုင်အချိန်ထိ ရှိနေချင်တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Atalayar

အသက်(၃၀)အရွှယ်ရှိ အယ်ဂျီးရီးယားလက်ရွေးစင် တောင်ပံကစားသမား မာရက်ဇ်ဟာ ၂၀၁၈ခုနှစ်ကမှ လက်စတာအသင်းကနေ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒီရာသီမှာ အသင်းနဲ့အတူ ဆုဖလား(၃)လုံး ချန်ပီယံဖြစ်လာဖို့ အခြေအနေကောင်းလို့နေပါတယ်။ မာရက်ဇ်ဟာ လာမယ့် ၂၀၂၃ခုနှစ်မှ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလဟာလတချို့ကတော့ ထွက်ပေါ်နေတာကြောင့် မာရက်ဇ်က လက်ရှိမှာ သူအနေနဲ့ မန်စီးတီးနဲ့ လက်တွဲဖြုတ်ဖို့အကြောင်းကို လုံးဝတွေးတောထားခြင်းမရှိဘူးလို့ ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Goal

အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး မာရက်ဇ်က “ကျွန်တော်ရဲ့အနာဂတ်အခြေအနေလား။ ကျွန်တော်ကအခု မန်စီးတီးအသင်းမှာ အရမ်းကို ပျော်ရွှင်နေတယ်လို့ ခံစားမိတယ်။ လက်ရှိမှာတော့ တခြားနေရာတစ်ခုကို ပြောင်းရွှေ့ဖို့ စိတ်ကူးတွေ ကျွန်တော်မှာ ရှိမနေပါဘူ။ အခြေအနေတွေက ဘယ်လိုဆက်ပြီးဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော် စီးတီးမှာ ပျော်ရွှင်နေတယ်။ ဒီနေရာကသာ ကျွန်တော်အနေချင်ဆုံး နေရာတစ်ခု ဖြစ်နေတယ်။ နောက်ပြီး မာဆေးလ်အသင်းမှာ ကျွန်တော်ရဲ့ ကစားသမားဘဝကို ကုန်ဆုံးဖို့ဆိုတာက ကျွန်တော့်ကိုယ်ကျွန်တော်လည်း မသတ်မှတ်ထားသလို ဒီအကြောင်းကိုလည်း ထုတ်မပြောဖူးပါဘူ။ ကျွန်တော့်ကစားသမားဘဝကို အင်္ဂလန်နိုင်ငံနဲ့ မန်ချက်စတာစီးတီးအသင်းမှာပဲ ကုန်ဆုံးသွားချင်တာပါ။ ဒါကြောင့်လည်း ကျွန်တော် တခြားအရာတွေကို ဘာမှမစဉ်းစားပဲ ကျွန်တော့်အသင်းအတွက် စဉ်းစားနေရတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မာရက်ဇ်က တခြားအကြောင်းအရာတွေထက် မန်စီးတီးအသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ် ဆုဖလားကြီးကို ပထမဆုံးအကြိမ်အဖြစ် ရယူသွားနိုင်ဖို့ကိုပဲ အာရုံစိုက်ထားပြီး ဒီရာသီမှာ အသင်းနဲ့အတူ ဖလား(၃)လုံး ချန်ပီယံဖြစ်လာစေဖို့အတွက် အကောင်းဆုံးကြိုးပမ်းသွားမယ်လို့ ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။