ဆော်ဒီစူပါလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အယ် အာလီက ပူပူနွေးနွေး ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ရီယတ် မာရက်ဇ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ရူဒီ ဂါလက်တီက ဖော်ပြလာပါတယ်။

အသက် ၃၂နှစ် အရွယ် အယ်လ်ဂျီးရီးယား ဝါရင့် တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ်က ၂၀၁၈ခုနှစ်မှာ လက်စတာ စီးတီး ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးဆီ ရောက်ရှိပြီးကတည်းက အသင်းရဲ့ အဓိက ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မာရက်ဇ်က မန်ချက်စတာ စီးတီး အတွက် ၅နှစ်ကြာ ကစားပေးခဲ့ရာ ပြိုင်ပွဲစုံ ၂၃၆ပွဲမှာ သွင်းဂိုး ၇၈ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅၉ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁ကြိမ် အပါအဝင် ဆုဖလား ၁၂လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

မာရက်ဇ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်က လာမယ့် ၂၀၂၅ခုနှစ်မှ ကုန်ဆုံးမှာ ဖြစ်ပြီး ဆော်ဒီ နာမည်ကြီးကလပ် အယ် အာလီက သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက်တွေ ဖြစ်တဲ့ အယ် အီတီဟတ် ၊ အယ် နက်ဆာတို့ကို ယှဉ်နိုင်ဖို့ အတွက် မာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Standard

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ရူဒီ ဂါလက်တီရဲ့ ဖော်ပြချက်အရ အယ် အာလီရဲ့ တာဝန်ရှိသူတွေက မာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁လလုံးလုံး မာရက်ဇ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်တိုက် တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မာရက်ဇ်က ယနေ့မှာပဲ အယ် အာလီဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ကြောင်း သိရပါတယ်။

အယ် အာလီက မာရက်ဇ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးနဲ့ မာရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ဆက်လက် ဆွေးနွေးဖို့ ပြင်ဆင်နေပြီး မန်ချက်စတာ စီးတီးက မာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။