ဆော်ဒီစူပါလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အယ် အာလီက ယနေ့မနက်ပိုင်းမှာပဲ မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ်ကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာပါတယ်။

အယ် အာလီက ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးကနေ ဆီနီဂေါ ဂိုးသမား မန်ဒီကို ခေါ်ယူထားသလို လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဖာမီနိုကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါသေးတယ်။

Photo Credit: The Sun

မန်ဒီနဲ့ ဖာမီနိုတို့လို ထိပ်တန်း ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပေမယ့် အယ် အာလီရဲ့ တာဝန်ရှိသူတွေက သူတို့အသင်းရဲ့ ကစားသမား အင်အားကို သဘောမကျသေးတာကြောင့် မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား မာရက်ဇ် ၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဖရက်ဒ် စတဲ့ ကစားသမားတွေကိုပါ ခေါ်ယူဖို့ ထပ်မံ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဘန် ဂျာကော့ဘ်ရဲ့ ဖော်ပြချက်အရ အယ် အာလီက ယနေ့မနက်မှာပဲ မာရက်ဇ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိသွားခဲ့ပြီး အယ် အာလီရဲ့ တာဝန်ရှိသူတွေက မာရက်ဇ်အတွက် မန်ချက်စတာ စီးတီးနဲ့ ဆက်လက် ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

အယ် အာလီက အသက် ၃၂နှစ် အရွယ် မာရက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်းနဲ့ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်းလည်း နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ The Athletic ၊ Daily Mail စတဲ့ သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားပါတယ်။

မာရက်ဇ်ကတော့ အယ် အာလီမှာ တနှစ် လုပ်ခလစာ ပေါင် ၄၃သန်း + အပိုဆုကြေးတွေ ရရှိမှာ ဖြစ်ပြီး အယ် အာလီဟာ မာရက်ဇ်ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမယ်လို့လည်း နီးစပ်သူတွေက ဆိုပါတယ်။