မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဧည့်သည် ဖူလ်ဟမ်အသင်းကို (1-2) နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့်ဆိုပြီး အကြောင်းပြချက်ပေးလို့ မရတော့ပဲ ချက်ချင်း အဖြေရှာသွားဖို့သာ လိုအပ်ကြောင်း နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဖူလ်ဟမ်အသင်းကို ၂၀၀၉ခုနှစ်နောက်ပိုင်းကတည်းက ပြိုင်ပွဲစုံမှာ လုံးဝ ရှုံးနိမ့်ထားခြင်း မရှိပေမယ့်လည်း အခုတော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပါ အရှုံးပေးခဲ့ရပြီး ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက်လည်း ထိုးနှက်ချက် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : The Sun

ဒီပွဲမတိုင်ခင်က ယူနိုက်တက်ဟာ ဒီဖေဖော်ဝါရီလထဲ (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲဆက်နေရပေမယ့် မန်စီးတီးနဲ့ ဒါဘီပွဲမတိုင်ခင် ဒီလရဲ့ နောက်ဆုံးသော ပရီးမီးယားလိဂ်ပွဲမှာ စိတ်ပျက်စရာ ခြေစွမ်းတွေနဲ့ အိမ်ကွင်းရှုံးပွဲတစ်ပွဲကို ကြုံတွေ့လိုက်ရပါတယ်။

ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး မက်ဂွိုင်းယားက “ဒါက ကျွန်တော်တို့ ဘောလုံးရာသီရဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ ကျွန်တော်တို့အသင်းမှာ ဒဏ်ရာ ပြသာနာ ထိုးနှက်ချက်တွေ ရှိနေရတယ်။ ဒါက တခြားအသင်းတွေလည်း ကျွန်တော်တို့လို ကြုံတွေ့နေရတာပါပဲ။ ဒီတော့ ကျွန်တော်တို့တွေ ဒီအတွက် အဖြေတစ်ခုကို အမြန်ဆုံး ရှာဖွေသွားရပါတော့မယ်။”

Photo Credit : Stretty News

“ကျွန်တော်တို့တွေက ပွဲကစားချိန် တစ်နာရီလောက်အတွင်းမှာလည်း သေချာ မကစားနိုင်ခဲ့ဘူး။ ချေပဂိုးတစ်ဂိုး ပြန်ရလိုက်တဲ့အချိန်မှာ ဒီပွဲကို အနိုင်ရနိုင်မယ့် အသင်းက တစ်သင်းတည်းသာ ရှိနိုင်တော့တယ်လို့ ထင်ထားချိန်မှာပဲ ပွဲပြီးဆုံးခါနီး ကျွန်တော်တို့ဘက်က အနည်းငယ် မိုက်မဲတဲ့ မှားယွင်းမှုလေး ရှိသွားခဲ့ရပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲမှာ မက်ဂွိုင်းယားက ပထမပိုင်း ပွဲကစားချိန်အတွင်း ဖူလ်ဟမ်ကစားသမားတစ်ဦးကို ကစားပုံကြမ်းတမ်းခဲ့ပေမယ့် ကံကောင်းထောက်မပြီး အနီကတ်ပြစ်ဒဏ်ကို ရှောင်လွဲနိုင်ခဲ့သလို အသင်းအတွက် အရေးပါတဲ့ ချေပဂိုးတစ်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း အသင်းက နောက်ဆုံးမိနစ်မှာ ဖူလ်ဟမ်ရဲ့ အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီး ဒီရာသီရဲ့ ပရီးမီးယားလိဂ် (၁၀)ပွဲမြောက် ရှုံးပွဲပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။