မကြာခင်မှာ ကျင်းပသွားတော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲမယ့် အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ နောက်ခံကစားသမား ဟယ်ရီ မက်ဂွိုင်းယားက သူ့အနေနဲ့ အင်္ဂလန်အတွက် ကစားပေးခွင့် မရဘူးဆိုရင် ပရိသတ်နေရာကနေသာ အားပေးသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းကောင်းတွေ မပြသနိုင်ရင်တောင်မှ နည်းပြ ဂါရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ အမြဲတမ်းလိုလို ပါဝင်ခွင့်ရသူ ဖြစ်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဒဏ်ရာပြသာနာက သူ့အတွက် အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

Photo Credit : talkSPORT

မက်ဂွိုင်းယားက ၂၀၂၃-၂၄ ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာပဲ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် မန်ချက်စတာဒါဘီ အက်ဖ်အေဖလားပြိုင် ဖိုင်နယ်ပွဲစဉ် အပါအဝင် ယူနိုက်တက်ရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်ခဲ့ရသလို အခုလည်း ဒဏ်ရာက အချိန်မီ မသက်သာသေးတဲ့အတွက် ယူရို-၂၀၂၄ပြိုင်ပွဲကြီးကိုပါ လွဲချော်သွားရပြီ ဖြစ်ပါတယ်။

တကယ်တော့ မက်ဂွိုင်းယားဟာ အင်္ဂလန်နဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ၊ ယူရို-၂၀၂၀ပြိုင်ပွဲ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို ပါဝင်ဆင်နွဲခဲ့ရတာ ဖြစ်ပေမယ့်လည်း အခုတော့ ယူရို-၂၀၂၄ပြိုင်ပွဲနဲ့ လွဲချော်ရတော့မှာဖြစ်လို့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက မက်ဂွိုင်းယားရဲ့ အင်္ဂလန် ကစားသမားဘဝ နောက်ဆုံးသော နိုင်ငံတကာ ပြိုင်ပွဲကြီးလည်း ဖြစ်သွားရနိုင်ပါတယ်။

Photo Credit : talkSPORT

အခုလို အင်္ဂလန်အတွက် ကစားပေးခွင့် မရတဲ့အပေါ် မက်ဂွိုင်းယားက “ဒီနွေရာသီ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် ကစားပေးဖို့ ရွေးချယ်ခံရခြင်း မရှိတာကို စိတ်မကောင်းဖြစ်မိပါတယ်။ အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့ပေမယ့်လည်း ခြေသလုံးကြွက်သားဒဏ်ရာကို ကျော်လွန်နိုင်ခြင်း မရှိခဲ့ပါဘူး။ ကြိုးစားပမ်းစားနဲ့ကို အရမ်း တွန်းပို့ခဲ့ပေမယ့်လည်း အခုလို အခြေအနေ ဖြစ်လာတာကို လုံးဝ မပျော်မိဘူး။”

“ကျွန်တော့်အတွက်ကတော့ အင်္ဂလန်ကို ကိုယ်စားပြုရခြင်းဟာ ဂုဏ်ယူစရာပါ။ ဒါက ကျွန်တော့်အတွက် အရာရာပါပဲ။ ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော့်အသင်းအတွက် ကူညီခွင့် မရဘူးဆိုရင်တော့ တစ်နိုင်ငံလုံးနဲ့အတူ ပရိသတ်တစ်ဦးအဖြစ် အင်္ဂလန်ကို အားပေးသွားပါမယ်။ လုပ်ထားကြ ငါ့ကောင်တို့ရေ။ အင်္ဂလန်အတွက် အားပေးပြီးရင်တော့ နောက်ရာသီမှာ ပြင်ဆင်ဖို့အတွက် မန်ယူနိုက်တက် ဆေးအဖွဲ့ဆီ ပြန်သွားပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။