မနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်စတာ စီးတီးအသင်းတို့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ကစားသွားခဲ့ရာ ထုံးစံအတိုင်း ယူနိုက်တက်က အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရပြီး နောက်ခံလူ မက်ဂွိုင်းယားရဲ့ နာကျင်အချိန်ပို ခေါင်းတိုက်သွင်းဂိုးနဲ့ နိုင်ပွဲရယူနိုင်ခဲ့ရပါတယ်။

ဒီပွဲမှာ ယူနိုက်တက် ကစားပုံက ပထမပိုင်းမှာ အတော်လေးကို အလုပ်မဖြစ်ခဲ့ဘဲ ဧည့်သည် လက်စတာရဲ့ ဦးဆောင်ခြင်းကိုပါ ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဂါနာချို ဇက်ဇီးတို့ ဝင်လာမှပဲ ကစားပုံက ပြောင်းလဲလာခဲ့ရင်း ဇက်ဇီးက ချေပဂိုး သွင်းယူနိုင်ခဲ့သလို မက်ဂွိုင်းယားကပါ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : X

Comeback ရလဒ်နဲ့ နိုင်ပွဲရယူရင်း အက်ဖ်အေဖလားမှာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပေမယ့် မက်ဂွိုင်းယားရဲ့ သွင်းဂိုးက တော်တော်ကြီးကို လူကျွံနေခဲ့ရပြီး ဒီပွဲမှာ VAR လည်း မပါဝင်တာကြောင့် ဂိုးကို ပြန်လည် စစ်ဆေးလို့လည်း မရခဲ့သလို စည်းကြပ်ဒိုင်ကပါ ဒီဂိုးကို ဂိုးအဖြစ်သာ သတ်မှတ်ပေးခဲ့တာမို့ လက်စတာအတွက် နစ်နာခဲ့ရပါတယ်။

ဒီဂိုးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ လူပြောများနေသလို X(အရင်က Twitter)သုံးစွဲသူ တစ်ဦးဆိုရင်လည်း ဒီဂိုးမှာ ယူနိုက်တက် ကစားသမားတွေ လူကျွံနေပုံကို ပြသထားရင်း ဘောလုံးသမိုင်းတစ်လျှောက် လူအကျွံဆုံးသောသွင်းဂိုးလို့ လှောင်ပြောင် ခေါင်းစဉ်တပ်သွားခဲ့ပါတယ်။ ဒါ့အပြင် X Users တော်တော်များများကလည်း ဒီဂိုးဟာ တော်တော်ကြီး လူကျွံနေသလို ဖရီးကစ်တောင်မှ ခွင့်မပြုသင့်ဘူးလို့ပါ ရေးသားလာကြပါတယ်။

Photo Credit : Goal

ဒါ့အပြင် ဒီဂိုးကို ခွင့်ပြုခဲ့တဲ့ ဒိုင်လူကြီးတွေကိုလည်း ဘောလုံးပရိသတ်တွေက အတော်လေး ဝေဖန်ခဲ့ကြပြီး စနစ်တကျ လာဘ်စားမှုတစ်ခုလို့ ထောက်ပြခဲ့ကြသလို ယူနိုက်တက်နည်းပြဟောင်းကြီး ဆာ အဲလက်စ် ဖာဂူဆန်တောင် ဒီလိုပုံစံမျိုးတွေနဲ့ ဆုဖလားတွေကို ရယူနိုင်ခဲ့တာလို့ပါ ပြင်းပြင်းထန်ထန် မှတ်ချက်ပြုထားခဲ့ပါတယ်။

လက်စတာနည်းပြဖြစ်တဲ့ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းကလည်း သူ့အသင်းဟာ ဖာဂီ time (အချိန်ပိုမိနစ်မှာ ခွင့်ပြုလိုက်ရတဲ့ဂိုး) မှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် ရှုံးရတာ မဟုတ်ဘဲ Offside Time မှာ မပေးသင့်ဘဲ ပေးလိုက်ရတဲ့ ဂိုးကြောင့်သာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်တယ်လို့ ဆိုခဲ့သလို ဒိုင်တွေကိုလည်း ဝေဖန်ပြောဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။