မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကတော့ လာမယ့်ဘောလုံးရာသီ အသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်ဖြစ် မဖြစ်ဖြစ် သူ့အနေနဲ့ အသင်းမှာပဲ ဆက်လက် ရှိနေဖို့အတွက် စာချုပ်ကိစ္စပါ ဆွေးနွေးနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်ကစားသမား မက်ဂွိုင်းယားဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ခုနှစ် ဇွန်လအထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်ပြီး လာမယ့်နွေမှာပဲ အသင်းကနေ ထွက်ခွာသွားရနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် မက်ဂွိုင်းယားကိုယ်တိုင်ကတော့ အသင်းမှာပဲ ဆက်ရှိသွားချင်နေပါတယ်။

Photo Credit : Eurosport

လက်ရှိမှာ ဒဏ်ရာပြသာနာကြောင့် အနားယူနေရတဲ့ မက်ဂွိုင်းယားဟာ လာမယ့်နွေမှာ လင်ဒီလော့ဖ် ဗာရန်းတို့နဲ့အတူ ယူနိုက်တက်နေ ထွက်ခွာသွားဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်ထားပေမယ့်လည်း မက်ဂွိုင်းယားကတော့ ယူနိုက်တက်မှာ နည်းပြအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ရင်တောင်မှ အသင်းမှာ ဆက်နေသွားဖို့ ဆန္ဒရှိနေပါတယ်။

မက်ဂွိုင်းယားဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ လက်စတာကနေ ယူနိုက်တက်အသင်းဆီကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ခြေစွမ်းပိုင်း အတက်အကျတွေနဲ့အတူ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကို မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီရာသီထဲမှာတော့ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် မက်ဂွိုင်းယားရဲ့ ခြေစွမ်းပိုင်းတွေလည်း ပြန်လည် တည်ငြိမ်လာခဲ့ပါတယ်။

Photo Credit : beIN SPORTS

မက်ဂွိုင်းယားက ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃၁)ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး သွင်းဂိုး (၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ကာ ဒီရာသီမှာတော့ မက်ဂွိုင်းယားရဲ့ စွမ်းဆောင်ရည်တွေက အသိအမှတ်ပြုချင်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဗာရန်းနဲ့ အီဗန်စ်တို့ကို လက်လွတ်လိုက်ရတဲ့ ယူနိုက်တက်က ခံစစ်ပိုင်းမှာ မက်ဂွိုင်းယားကိုတော့ အသင်းမှာ ဆက်ထားသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မက်ဂွိုင်းယားက ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိဖို့အတွက်ရော သူရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့အတွက်ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။