မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားအနေနဲ့ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်နေတဲ့ ဝက်စ်ဟမ်းအသင်းထက် ပိုမို မြင့်မားတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ Time Sports ကနေ ဖော်ပြသွားခဲ့ပါတယ်။
ဝက်စ်ဟမ်းက မနေ့ကပဲ မက်ဂွိုင်းယားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၂၀)နဲ့ ကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်ထားခဲ့ရာ ဒီကမ်းလှမ်းချက်ကိုတော့ ယူနိုက်တက်ဘက်က ပယ်ချသွားခဲ့သလို မက်ဂွိုင်းယားကလည်း ဝက်စ်ဟမ်းဆီ ပြောင်းဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။
Photo Credit : Football365
မက်ဂွိုင်းယားက သူရဲ့ အသင်းခေါင်းဆောင် လက်ပတ် ဖယ်ရှားခံရချိန်မှာတောင် ယူနိုက်တက်မှာပဲ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့ ရှိနေပေမယ့်လည်း တကယ်လို့များ မဖြစ်မနေ အသင်းပြောင်းရမယ် ဆိုရင်လည်း ထိပ်တန်း ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာ မက်ဂွိုင်းယားဆီ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လျက် ရှိနေတာက ဝက်စ်ဟမ်း တစ်သင်းတည်းသာ ရှိနေသေးပြီး ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းသမျှတွေကလည်း ယူနိုက်တက်ဘက်က လက်ခံနိုင်စရာ အတိုင်းအတာမှာ ရှိမနေသေးလို့ ဆက်တိုက် ပယ်ချထားခဲ့သလို မက်ဂွိုင်းယား ကိုယ်တိုင်ကလည်း အသင်းမှာ ဆက်ရှိနေဖို့ ဒါမှမဟုတ် အသင်ကြီး တစ်သင်းသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
Photo Credit : ESPN
ယူနိုက်တက်ကတော့ မက်ဂွိုင်းယားအတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှုသာ ရလာခဲ့မယ်ဆိုရင် လက်လွတ်သွားဖို့ အခြေအနေ ရှိနေပြီး မက်ဂွိုင်းယားသာ ထွက်သွားခဲ့ရင် အီဗန်စ်ကို တစ်ရာသီ ခေါ်ယူဖို့ ရှိနေသလို မိုနာကို နောက်ခံလူ ဒီဆာဘီကိုလည်း တရားဝင် ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။
လောလောဆယ်မှာတော့ မက်ဂွိုင်းယားကို စီးရီးအေ ကလပ်အသင်း (၅)သင်းကလည်း အငှား + အပြီးသတ် ခေါ်ယူမှုတွေနဲ့ ကမ်းလှမ်းသွားဖို့ ချိန်ရွယ်နေပေမယ့် ယူနိုက်တက်ကတော့ မက်ဂွိုင်းယားအတွက် အပြီးသတ် ခေါ်ယူမှုနဲ့သာ ရောင်းချသွားချင်နေပြီး ပြောင်းရွှေ့ကြေးကိုလည်း ပေါင် သန်း(၄၀)နဲ့ သန်း(၅၀)ကြားလောက်အထိ အလိုရှိနေပါတယ်။