MySport Myanmar

စပါးရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် မန်ယူမှာပဲ ဆက်နေချင်နေတဲ့ မက်ဂွိုင်းယား

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ စပါး ၊ နယူးကာဆယ်တို့ရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် ယူနိုက်တက်မှာပဲ ဆက်ကစားချင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ၂၀၁၉ခုနှစ်မှာ လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၈၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက်ထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို အသင်းခေါင်းဆောင်ရာထူးကိုပါ ရယူနိုင်ခဲ့ပေမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှ စတင်ကာ သူ့ရဲ့ ခြေစွမ်းတွေက တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။

Photo Credit: The Sun

မက်ဂွိုင်းယားက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အမှားတွေ အများကြီး ကျူးလွန်မိခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း သူ ပါဝင် ကစားတဲ့ အချိန်တိုင်းမှာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းက ဖရိုဖရဲ ဖြစ်သွားလေ့ ရှိတာကြောင့် ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က နွေဈေးကွက် အတွင်းမှာ မက်ဂွိုင်းယားကို ရောင်းထုတ်ကာ မက်ဂွိုင်းယားရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် နာပိုလီခံစစ်မှူး ကင်မင်ဂျေးကို ခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ စပါးနဲ့ နယူးကာဆယ်တို့က ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို စပါးက မက်ဂွိုင်းယား အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရန် စီစဉ်နေပေမယ့် မက်ဂွိုင်းယားကတော့ မန်ချက်စတာ ယူနိုက်တက်မှာ ဆက်နေကာ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်သွားဖို့သာ စိတ်အားထက်သန်နေပါတယ်။

Photo Credit: Football Transfer

ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က မက်ဂွိုင်းယားကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားပေမယ့် မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ စိတ်ကူးမရှိသေးပဲ မက်ဂွိုင်းယားက သူဟာ ရာသီသစ်မှာ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက် အတွက် ၄ရာသီ အတွင်းမှာ စုစုပေါင်း ၁၇၅ပွဲ ပါဝင် ကစားပေးနိုင်ခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပြီး ကာရာဘောင်းဖလား တလုံး ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

Exit mobile version