ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်သူ မက်ဂွိုင်းယားက ယမန်နေ့ညမှာ အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ချခံခဲ့ရပြီးနောက် နည်းပြချုပ် တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမကျတာကြောင့် အသင်းပြောင်းဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းထောက် တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက ၂၀၁၉ခုနှစ်မှာ လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၈၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ၂၀၂၀ခုနှစ်မှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သူပါ။

Photo Credit: Standard

ဟယ်ရီ မက်ဂွိုင်းယားက သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး နှစ်ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှ စတင်ကာ သူ့ရဲ့ ခြေစွမ်းတွေက တဟုန်ထိုး ကျဆင်းသွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က မက်ဂွိုင်းယားကို အသင်းရဲ့ တတိယ ဦးစားပေး ခံစစ်မှူး အဖြစ်သာ သုံးစွဲခဲ့ပါတယ်။

တန်ဟက်ဂ်က ကစားပုံ လေးလံတဲ့ မက်ဂွိုင်းယားကို တတိယ ဦးစားပေး ခံစစ်မှူး အဖြစ်သာ သုံးစွဲနေသလို မက်ဂွိုင်းယားရဲ့ အသင်းခေါင်းဆောင် ရာထူးကိုလည်း အသင်းအတွက် အားကြိုးမာန်တက် ကစားပေးတတ်တဲ့ အဓိက ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ကို လွှဲပြောင်းပေးဖို့ ထပ်မံ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Team Talk

မက်ဂွိုင်းယားက ရာသီသစ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် ဆက်လက် တာဝန်ယူရင်း ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်သွားဖို့ စီစဉ်ထားကြောင်း တန်ဟက်ဂ်ကို ပြောပြခဲ့ပေမယ့် တန်ဟက်ဂ်ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို မပြင်တော့ပဲ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူး ကနေ ဖြုတ်ခဲ့သလို အသင်းကနေ ထွက်ခွာလိုက ထွက်ခွာနိုင်ကြောင်းပါ အသိပေးသွားခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ နီကိုလို ရှခီရာနဲ့ ခရစ် ဝီလေတို့ရဲ့ ဖော်ပြချက်တွေအရ မက်ဂွိုင်းယားက အသင်းခေါင်းဆောင်ရာထူး ကနေ အဖြုတ်ခံခဲ့ရပြီးနောက် တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်ခဲ့သလို ဝမ်းနည်းသွားတာကြောင့် အသင်းကနေ ထွက်ခွာဖို့ စီစဉ်နေပြီး လက်ရှိမှာ ဝက်စ်ဟမ်း ၊ စပါး စတဲ့ ပရီးမီးယားလိဂ်အသင်းတွေက မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။