ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ အဓိက ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက သူဟာ လက်ရှိ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးတဲ့ အထိ အင်္ဂလန်နည်းပြချုပ် အဖြစ် ဆက်လက် မြင်တွေ့ချင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အသက် ၅၃နှစ် အရွယ အင်္ဂလိပ်လူမျိုး နည်းပြချုပ် ဂါရတ် ဆောက်ဂိတ်က ၂၀၁၆ခုနှစ်မှ စတင်ကာ အင်္ဂလန်အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ အင်္ဂလန်က ဆုဖလားတွေ မရသေးပေမယ့် ပြိုင်ပွဲကြီးတွေမှာ ရပ်တည်မှုတွေ တောက်လျှောက် ကောင်းခဲ့ပါတယ်။

Photo Credit: Telegraph

ဆောက်ဂိတ်က သူ့ရဲ့ ပထမဦးဆုံး နိုင်ငံတကာပြိုင်ပွဲကြီး ဖြစ်တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ကို စတုတ္ထနေရာ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သလို ၂၀၁၈-၂၀၁၉ နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း သူ့ရဲ့ အင်္ဂလန်က တတိယဆုကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

၂၀၂၀ ယူရိုပြိုင်ပွဲမှာတော့ အင်္ဂလန်က ဆုဖလားနဲ့ လက်တကမ်း အလို အနေအထား အထိ ရောက်ရှိခဲ့ပြီး ရက်ဖို့ဒ် ၊ ဆန်ချိုနဲ့ ဆာကာတို့ရဲ့ ပင်နယ်တီ လွဲချော်မှုတွေကြောင့်သာ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာပါ။ အဓိကပြိုင်ပွဲ ၃ခုဆက် ထိပ်ဆုံး (၄)သင်း စာရင်းထဲ ဝင်ခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အင်္ဂလန်က ကွာတားဖိုင်နယ်မှာပဲ ပြင်သစ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

Photo Credit: The Sun

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မျှော်မှန်းထားသလို အောင်မြင်မှုတွေ မရခဲ့တာပေမယ့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ဆောက်ဂိတ်ကို မကြာခင် ကျင်းပတော့မယ့် ၂၀၂၄ ယူရိုပြိုင်ပွဲ ပြီးတဲ့ အထိ အင်္ဂလန်ကို ဆက်လက် ကိုင်တွယ်ခွင့် ပေးထားပြီး အင်္ဂလန်ရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဟယ်ရီ မက်ဂွိုင်းယားကတော့ ဆောက်ဂိတ်ကို ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးတဲ့ အထိ အင်္ဂလန်မှာ ဆက်လက် မြင်တွေ့ချင်ကြောင်း ဆိုလာပါတယ်။

ဟယ်ရီ မက်ဂွိုင်းယားက – “နည်းပြကြီး ဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ အင်္ဂလန်အသင်းမှာပဲ မြင်ချင်ပါတယ်။ သူ ဒီအလုပ်ကို စပြီး လက်ခံခဲ့တဲ့ အချိန်မှာ ကျွန်တော်တို့အသင်းရဲ့ အနေအထားနဲ့ လက်ရှိ ရောက်နေတဲ့ အသင်းရဲ့ အနေအထားကို ယှဉ်ကြည့်လိုက်ရင် ကျွန်တော်တို့က အများကြီး တိုးတက် ပြောင်းလဲလာခဲ့တာကို မြင်တွေ့ရမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။