ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယား ကတော့ အသင်းရဲ့ ယာယီနည်းပြ ဖြစ်သူ ရက်ဖ် ရန်းဂ်နစ် အပေါ် ယုံကြည်မှု အပြည့် ရှိသလို လေးစားမှုလည်း ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၂နေရာနဲ့ အဆုံးသတ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရသလို အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကိုလည်း ရာထူးကနေ ထုတ်ပယ်ကာ ဂျာမန် ဘောလုံးဂုရု ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။
Photo Credit: Metro
နာမည်ကျော် Gegen Press ကစားဟန်ကို လူသိများလာအောင် ပြုလုပ်ခဲ့သူ အဖြစ် ထင်ရှားတဲ့ ရက်ဖ် ရန်းဂ်နစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ အဖြစ် ၆လ လုပ်ကိုင်ဖို့ တာဝန်ယူထားကာ အဆိုပါ ၆လသက်တမ်း ကုန်ဆုံးသွားရင်တော့ အားကစားဒါရိုက်တာ ရာထူးနဲ့ ပြောင်းလဲ လုပ်ကိုင်ဖို့ သဘောတူညီမှု ရရှိထားပါတယ်။
ရန်းဂ်နစ်က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြသာ ဖြစ်တာကြောင့် ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့လာရချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စီနီယာ ကစားသမားတွေ အနေနဲ့ ရန်းဂ်နစ်ရဲ့ နည်းစနစ်တွေကို မယုံကြည်သလို ရန်းဂ်နစ်အပေါ် မလေးစားမှုတွေလည်း ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယား ကတော့ အဆိုပါ ကောလဟာလ သတင်းတွေက မမှန်ကန်ကြောင်းနဲ့ ကစားသမား အားလုံးဟာ ရန်းဂ်နစ်ကို လေးစား ယုံကြည်မှု အပြည့် ရှိကြောင်း ပြောကြားသွားပါတယ်။
Photo Credit: Metro
မက်ဂွိုင်းယားက – “ရန်းဂ်နစ်ရဲ့ ပွဲအပေါ် အသေးစိတ် ချဉ်းကပ်မှုနဲ့ ပြင်ဆင်မှုတွေက အတော်လေး အံ့ဩဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ အားလုံးက သူ့ကို လေးစားကြသလို သူ့ရဲ့ နည်းစနစ်တွေ အပေါ် ယုံကြည်မှုလည်း အပြည့် ရှိပါတယ်။ သူက အသင်းအပေါ် လွှမ်းမိုးမှုတွေ ရှိပါတယ်။ နည်းပြတဦး ကတော့ အသင်းနဲ့ ကိုက်ညီမယ့် နည်းစနစ်တွေ ချမှတ်ပေးဖို့ တာဝန်ရှိပြီး ကျွန်တော်တို့က သူ့ရဲ့ နည်းစနစ်တွေကို အမှန်တကယ် အသက်သွင်းရမယ့် လူတွေပါ။ ကျွန်တော်တို့က သူနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ ညွှန်ကြားမှုတွေ အားလုံးကို နားထောင်ကြပါတယ်။ ဒါပေမယ့် ရာသီဝက်ကာလမှာ နည်းပြအပြောင်းအလဲ ဖြစ်ခဲ့တော့ ခက်ခဲမှုတွေ ရှိနေတာတော့ အမှန်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။