MySport Myanmar

အင်္ဂလန်က ကမ္ဘာ့ဖလားကို အရယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကြုံးဝါးခဲ့တဲ့ မက်ဂွိုင်းယား

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ အဓိက ဗဟိုခံစစ်မှူး တဦး ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားက သူတို့ရဲ့ အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပေမယ့် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ချန်ပီယံအဖြစ် အောင်ပွဲခံဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဘောလုံးဘိုးအေနိုင်ငံကြီး အဖြစ် တင်စားခံထားရတဲ့ အင်္ဂလန်က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တသင်း ဖြစ်ပြီး သူတို့အသင်းဟာ အုပ်စုအဆင့်မှာ အုပ်စုဗိုလ် ဖြစ်ခဲ့သလို ၁၆သင်း ရှုံးထွက်အဆင့်မှာလည်း အာဖရိကဖလား ချန်ပီယံ ဆီနီဂေါကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: BBC

အင်္ဂလန်က ကွာတားဖိုင်နယ်မှာတော့ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့ပြီး အင်္ဂလန်ဟာ ပြင်သစ်ကို အနိုင်ယူဖို့ အတွက် အတော်လေး ကြိုးစားရဖို့ ရှိနေကာ အကယ်၍ အင်္ဂလန်က ပြင်သစ်ကိုသာ အနိုင်ယူနိုင်ခဲ့ရင် ဆီမီးဖိုင်နယ်မှာ မော်ရိုကိုနဲ့ ပေါ်တူဂီတို့ပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

အင်္ဂလန်နဲ့ ပြင်သစ်တို့ ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ ဟယ်ရီ မက်ဂွိုင်းယားက သူတို့အသင်းဟာ ယခုအချိန်မှာ ပုံစံကောင်း တခု ရနေသလို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲထက် အတွေ့အကြုံ ပိုများလာတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ အဆင်သင့်ပဲလို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။

Photo Credit: BBC

မက်ဂွိုင်းယားက – “ကျွန်တော် ပြောနိုင်တာ တခုကတော့ ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တဲ့ အသင်းနဲ့ အများကြီး ကွာခြားမှု ရှိနေပြီ ဆိုတာပါပဲ။ ကျွန်တော်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအတွက် ပါဝင် ကစားပေးခွင့် ရခဲ့သလို အဲ့ဒီတုန်းက ကျွန်တော်တို့ဟာ ဆီမီးဖိုင်နယ် အထိ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့က ဆီမီးဖိုင်နယ် ရောက်ရုံနဲ့ အတော်ကို ပျော်ရွှင်ခဲ့ကြပါတယ်။ ဆီမီးဖိုင်နယ်လိုမျိုး အဆင့်ကို ရောက်ခဲ့ရင် ဘယ်လို ရလဒ်တွေပဲ ထွက်လာ ထွက်လာ ခင်ဗျားရဲ့ နိုင်ငံကို ပြန်ရောက်ရင် သူရဲကောင်း တဦးလို ကြိုဆိုခံရမှာပဲလေ။ အခုချိန်မှာ ကျွန်တော်တို့ ကမ္ဘာ့ဖလားကို အရယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းတွေက ပြောင်းလဲသွားပါပြီ။ ကျွန်တော်တို့က ဆီမီးဖိုင်နယ်ကို ရောက်ရုံနဲ့ ကျေနပ်နိုင်မှာ မဟုတ်ပါဘူး” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။

Exit mobile version