မန်ယူ နောက်ခံလူ မက်ဂွိုင်းယားကတော့ လက်ရှိရာသီမကုန်ခင် ယူရိုပါလိဂ် ဖလား နဲ့ FA ဖလားကို ရရှိချင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရရှိချင်ပါတယ်လို့ ပြောကြားသွားပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ် ဖန်တီးရှင် ဖာနန်ဒက်စ်ကို ခေါ်ယူခဲ့စဉ်ကတည်းက ပုံစံကောင်းတွေကို ပြန် ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၅) ပွဲမှာ (၃) ပွဲနိုင်၊ (၂) ပွဲ သရေ ကျခဲ့တာကြောင့် အဆင့် (၄) နေရာနဲ့ (၃) မှတ်အကွာ အဆင့် (၅) မှာ ရှိနေပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာသာ ရလဒ်ကောင်းနေတာ မဟုတ်ဘဲ ယူရိုပါလိဂ် နဲ့ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာလည်း စွမ်းဆောင်ရည် မြင့်နေပါတယ်။ မန်ယူအသင်းအနေနဲ့ ယနေ့ည (၁၂း၂၅) အချိန်မှာ LASK အသင်းနဲ့ ယူရိုပါလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နိုင်ပွဲ ရရှိဖို့ မျှော်လင့်နေပါတယ်။ မန်ယူအသင်းဟာ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ ကွာတား ဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီ ဖြစ်ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ချန်ပီယံလိဂ် ဝင်ချင်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

MUTV သတင်းမှာ မက်ဂွိုင်းယားက “ကျွန်တော်တို့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ စကစားခဲ့စဉ်ကတည်းက နည်းပြက ကျွန်တော်တို့ကို ဒီပြိုင်ပွဲ ဘယ်လို အရေးကြီးလဲ ဆိုတာ အထပ်ထပ်ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အုပ်စုအဆင့်ကို အနိုင်ရချင်ပြီး အုပ်စုအဆင့်ကို အနိုင်ရခဲ့ပါတယ်။ ကျွန်တော်တို့ ဘရုဂေးအသင်းကို အနိုင်ရပြီး တက်သွားခဲပါတယ်။ တစ်ပွဲချင်း လေးလေးနက်နက်နဲ့ ကစားခဲ့ကြပါတယ်။ ဒီပြိုင်ပွဲက အရေးကြီးတဲ့ ပြိုင်ပွဲ ဖြစ်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်မယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။ အရေးကြီးဆုံး အရာက ချန်ယီယံလိဂ် ဝင်ခွင့် ရရှိဖို့အတွက် ပရီးမီးယားလိဂ်မှာ အဆင့် (၄) နေရာ ရရှိဖို့ပါပဲ။ ကျွန်တော်တို့ ယူရိုပါလိဂ်ကို ရရှိချင်ပါတယ်။ အက်ဖ်အေဖလားကို ရရှိချင်ပါတယ်။ ဆက်ကစားချင်ကြပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။