မန်ယူအသင်းရဲ့ နောက်ခံ ကစားသမား မက်ဂွိုင်းယားကတော့ ယနေ့ည တနင်္ဂနွေည၊ (၉း၃၀) အချိန်၊ အသင်းဟောင်း လက်စတာစီးတီးအသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်မှာ သရေအတွက်သာ ကစားမှာ မဟုတ်ဘဲ အနိုင်ယူမှာ ဖြစ်ပြီး အဆင့် (၃) နဲ့ ရာသီကုန်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ခံလူ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ သြဂုတ်လက လက်စတာစီးတီးအသင်းကနေ မန်ယူနိုက်တက်အသင်းကို ပေါင် သန်း (၈၀) နဲ့ ရောက်ရှိလာခဲ့ပြီးနောက် ဈေးအကြီးဆုံး နောက်ခံလူ ဖြစ်သွာားပြီး မန်ယူအသင်းအတွက် လိဂ်ပွဲစဉ် (၃၇) ပွဲ ကစားထားပြီပဲ ဖြစ်ပါတယ်။

 

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကတော့ အဆင့် (၅) နေရာက ရမှတ် (၆၂) မှတ် ရရှိထားတဲ့ လက်စတာစီးတီးအသင်းကို ရမှတ် (၁) မှတ် ဖြတ်ပြီး အဆင့် (၃) နေရာကို ရရှိထားတာကြောင့် ယနေ့ည သရေ ဒါမှမဟုတ် အနိုင် ရရှိမယ် ဆိုရင် အဆင့် (၃) ကို ဆက်ထိန်းနိုင်မှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် အဖြစ် လက်စတာစီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ အနိုင်ရရှိမယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ သေချာသွားမှာ ဖြစ်ပြီး အသင်းရဲ့ နောက်ခံလူ မက်ဂွိုင်းယားကတော့ အသင်းဟောင်းကို အနိုင်ယူပစ်မယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

MUTV သတင်းမှာ မက်ဂွိုင်းယားက “ကျွန်တော်တို့ လက်စတာအသင်းရဲ့ အိမ်ကွင်းကို သရေ ကစားဖို့ သွားမှာ မဟုတ်ပါဘူး။ ဒါကတော့ သေချာပါတယ်။ ကျွန်တော်တို့ဟာ အနိုင်ရဖို့အတွက် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ရမှတ်ပြည့် (၃) မှတ် ရယူချင်ပြီး အခြား ပွဲစဉ်တွေ ကစားခဲ့စဉ်က ချဉ်းကပ်ကစားခဲ့သလိုမျိုး ဒီပွဲစဉ်မှာလည်း ကစားသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ နောက်ဆုံး မိနစ်မှာ သရေကျသွားခဲ့မယ် ဆိုရင် ခြားနားတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ လိုပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်တို့ ရမှတ် (၃) မှတ် ရယူဖို့ သွားရောက် ကစားမှာပါပဲ။ ကျွန်တော်တို့က အဆင့် (၃) နေရာမှာ ရှိနေပြီး တနင်္ဂနွေနေ့ည အကုန်မှာ အဆင့် (၃) နေရာမှာ ဆက်ရှိချင်ပါတယ်။ ရာသီစကတည်းက အဆင့် (၄) အတွင်း ဝင်ချင်ခဲ့ပါတယ်”လို့ ပြောပါတယ်။