MySport Myanmar

ဒေးဗစ် ဘက်ခမ်းက သူ့ကို ဆက်သွယ်ပြီး အားပေးခဲ့တယ်လို့ မက်ဂွိုင်းယား ဖွင့်ဟ

အင်္ဂလန်က စကော့တလန်ကို (3-1) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း own goal သွင်းယူမိရင်းနဲ့ စကော့ပရိသတ်တွေဆီက လှောင်ပြောင်မှုတွေ ရင်ဆိုင်ခဲ့ရချိန် သူ့ကို ဒေးဗစ် ဘက်ခမ်းက ဆက်သွယ် အားပေးစကား ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ ဟယ်ရီ မက်ဂွိုင်းယားက ဖွင့်ဟသွားခဲ့ပါတယ်။

မက်ဂွိုင်းယားက စကော့တလန် နဲ့ အင်္ဂလန်တို့ရဲ့ ယူရိုခြေစစ်ပွဲစဉ်မှာ ဒုတိယပိုင်း ပွဲချိန်အတွင်း ပါဝင်ကစားခဲ့ရင်း ပွဲကစားချိန် (၆၇)မိနစ်မှာပဲ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် သူ့ကို ပြိုင်ဘက်အသင်း ပရိသတ်တွေက လှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit : The Sun

မက်ဂွိုင်းယားဟာ ဒီနောက်ပိုင်းနှစ်တွေအတွင်း ပြိုင်ဘက် ပရိသတ်တွေ အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေ လှောင်ပြောင်တွေနဲ့ မကြာခဏ ရင်ဆိုင်နေရပြီး သူကိုယ်တိုင်ကလည်း အမှားအယွင်းတွေ တအားများလွန်းတာကြောင့် ယူနိုက်တက်မှာပါ ပုံမှန် ကစားခွင့်တွေ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

ဒီလို လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မက်ဂွိုင်းယားကို သူရဲ့ အင်္ဂလန်အသင်းဖော်တွေအပြင် စီနီယာ ကစားသမား ဘက်ခမ်းကပါ အားပေးမှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ “စကော့တလန်နဲ့ ပွဲအပြီး (၃)ပတ်ခန့်လောက်အကြာမှာ ကျွန်တော် ဒေးဗစ်(ဘက်ခမ်း)နဲ့ အမှန်တကယ် စကားပြောဖြစ်ခဲ့ပါတယ်။”

Photo Credit : Goal

“သူက ကျွန်တော့်ကို ဆက်သွယ်လာခဲ့တာ။ အဲ့ဒါက ကျွန်တော့်အတွက်တော့ နှစ်လိုဖွယ်ရာ ကောင်းမွန်ခဲ့သလို တကယ်ကို သဘောကျမိပါတယ်။ ကျွန်တော် ဒေးဗစ် ဘက်ခမ်းအကြောင်းကို ပြောခဲ့ဖူးပါတယ်။ သူက ကျွန်တော် ငယ်စဉ်တုန်းက စောင့်ကြည့်ခဲ့ဖူးတဲ့ ကစားသမားကြီးပါ။ ကျွန်တော်က သူ့ကို စံပြ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရင်းနဲ့ ကြီးပြင်းလာခဲ့တာ။”

“အခုလည်း သူက ကျွန်တော့်ကို ဆက်သွယ် အားပေးစကားတွေ ပြောဆိုလာတာဟာ သူရဲ့ အဆင့်အတန်းတစ်ခုကို ပြသလိုက်တယ်လို့ ကျွန်တော် ထင်မိပါတယ်။” လို့ မက်ဂွိုင်းယားက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version