ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကတော့ ဒီနှစ် ဘောလုံးရာသီမှာ သူတို့တသင်းလုံးရဲ့ ခြေစွမ်းပိုင်းက အတော်လေး ဆိုးရွားခဲ့ပြီး ရိုနယ်ဒို တယောက်ထဲသာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်၂နဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ နည်းပြ ၂ဦး အထိ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ မရခဲ့ပဲ ရာသီကုန်ချိန်မှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့သလို အဆင့်၆နေရာ အထိပါ ကျဆင်းသွားခဲ့ပါတယ်။

Photo Credit: Football 365

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းက အတော်လေးကို စွမ်းဆောင်ရည် ဆိုးရွားခဲ့ပြီး မက်ဂွိုင်းယား ဦးဆောင်တဲ့ ခံစစ်ကြောင်းကို ပွဲစဉ်တိုင်းနီးပါး ပေးဂိုးတွေ ခွင့်ပြုခဲ့ရသလို ပွဲတိုင်းလည်း ဂိုးပေးရလုနီးပါး အမှားအယွင်းတွေကို ကျူးလွန်မိခဲ့ကြပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ခံစစ်မှူးလည်းဖြစ် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ မက်ဂွိုင်းယားကို အသင်းရဲ့ ပြဿနာ တရပ် အဖြစ် မီးမောင်းထိုးပြနေကြပြီး မက်ဂွိုင်းယားကလည်း ဒီနှစ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်က အတော်လေးကို ကျဆင်းနေခဲ့ကြောင်း ဝန်ခံသွားခဲ့သလို အသင်းမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့တဲ့ ကစားသမားဟာ ရိုနယ်ဒို တယောက်ထဲသာ ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Football 365

မက်ဂွိုင်းယားက – “ခင်ဗျားတို့လည်း ကျွန်တော်တို့အသင်းရဲ့ အခြေအနေကို တွေ့မြင်ခဲ့ကြတာပဲလေ။ ကျွန်တော်တို့က ရာသီကုန်တဲ့ အထိ ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့တွေ ဘာကြောင့် ရလဒ်တွေ ဆိုးဝါးနေခဲ့သလဲ ဆိုတာကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်ရင် ကစားသမား တယောက်ချင်းစီတိုင်းရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းနေတာကြောင့် ဆိုတာကို မြင်တွေ့ရပါတယ်။ ကျွန်တော်တို့မှာ ရိုနယ်ဒိုနဲ့ သူ့ရဲ့ သွင်းဂိုးတွေကလွဲပြီး ပုံမှန် ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေ မရှိခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်တို့တွေက အသင်းတသင်း ပုံစံမျိုးနဲ့လည်း အကောင်းဆုံး မကစားနိုင်ခဲ့ကြပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။