မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ အင်္ဂလန်အသင်းတို့ရဲ့ နောက်ခံကစားသမား ဟယ်ရီ မက်ဂွိုင်းယားက သူ့အနေနဲ့ သူ့နေရာအတွက် သူရဲ့ပွဲကစားခွင့်တွေအတွက် တိုက်ပွဲဝင်နေရတာကို ပျော်ရွှင်နေမိတယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

မက်ဂွိုင်းယားက ဒီရာသီမှာ သူရဲ့လက်ရှိကလပ် မန်ယူနိုက်တက်အသင်းအတွက် တစ်ပွဲမှကို ပွဲထွက် ကစားပေးရခြင်း မရှိသေးပဲ လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပါဝင်ထားခဲ့ရပါတယ်။ ဒီလို ကလပ်အသင်းအတွက် ပွဲကစားခွင့် အနည်းငယ် ရရှိခဲ့ပေမယ့်လည်း အင်္ဂလန်မှာတော့ မက်ဂွိုင်းယားက ပွဲကစားခွင့်တွေ ပုံမှန်နီးပါးလောက် ရရှိနေပြီး ဒီ International Break မှာလည်း ပွဲချိန်များစွာ ကစားထားခဲ့ရပါသေးတယ်။

Photo Credit : Sky Sports

“ဒီရာသီရဲ့ ပထမဆုံး (၄)ပွဲမှာ ကျွန်တော် ပွဲထွက် ကစားသမားအဖြစ် မပါဝင်ခဲ့ရပါဘူး။ အဲ့ဒါကြောင့်ပဲ ကျွန်တော့်ဆီ အကြောင်းကိစ္စတွေက ရောက်လာပါတော့တယ်။ ကျွန်တော် ပုံမှန် ကစားခွင့် ရချင်ပါတယ်။” လို့ ပြောဆိုလာခဲ့ပြီး နွေရာသီတုန်းက အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ကိုလည်း

“ဝက်စ်ဟဟမ်းနဲ့ကလား။ ကျွန်တော်တို့ သဘောတူညီမှု မရှိလိုက်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆက်နေခွင့်ရခဲ့လို့ရော ကျွန်တော့်နေရာအတွက် ဆက်လက် တိုက်ပွဲဝင်ခွင့် ရရှိနေခြင်းကိုလည်း ပျော်ရွှင်မိပါတယ်။” လို့ မက်ဂွိုင်းယားက Express သတင်းစာနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

လက်ရှိမှာတော့ မက်ဂွိုင်းယားက ယူနိုက်တက်အသင်းရဲ့ ဗဟို ခံစစ်နေရာမှာ လီဆန်ဒရို မာတီနက်ဇ် ၊ ရာဖယ်လ် ဗာရန်း နဲ့ ဗစ်တာ လင်ဒီလော့ဖ်တို့ရဲ့နောက် စတုတ္ထ ဦးစားပေးအဖြစ်သာ ပါဝင် ကစားနေရပေမယ့်လည်း ဦးစားပေး ခံစစ်မှူးတွေရဲ့ ဒဏ်ရာ ပြသာနာတွေ ကြံခိုင်မှု ပြသာနာတွေကြောင့် ပွဲကစားခွင့်က ရံဖန်ရံခါ ရရှိနေရပါတယ်။

ဒါပေမယ့်လည်း အမြဲတမ်း လှောင်ပြောင် ဝေဖန်ခံနေရမှုကြောင့် မက်ဂွိုင်းယားက ကစားခွင့်ရတိုင်းမှာ အမှားတွေ ကျူးလွန်မိတက်လေ့ရှိပြီး ဒါကိုတော့ မက်ဂွိုင်းယားအနေနဲ့ ပြင်ဆင်ကာ တည်တည်ငြိမ်ငြိမ် ကစားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။