ဂါနာ အမျိုးသား ဒီမိုကရက်တစ် ကွန်ဂရက် (NDC) ရဲ့ လွှတ်တော်အမတ် အိုင်းဆက် အဒွန်ဂိုက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဥပမာပေးပြီး ပါလီမန်မှာ ဆွေးနွေးမိခဲ့ခြင်းကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

အဒွန်ဂိုက ဂါနာနိုင်ငံ ဒုသမ္မတရဲ့ စီးပွားရေး စွမ်းဆောင်မှုတွေအပေါ် ရှုတ်ချမှု ပြုလုပ်ဖို့အတွက် ယူနိုက်တက် နဲ့ အင်္ဂလန်အသင်းတွေမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး Own Goals တွေ သွင်းယူနေတဲ့ မက်ဂွိုင်းယား ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကာ ပြောဆိုခဲ့ရာ အင်တာနက်ပေါ်အထိပါ ပေါက်သွားခဲ့ရပါတယ်။

Photo Credit : Sport Brief

ဗဟိုခံစစ်မှူး မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ ပုံမှန် ခြေစွမ်းတွေ ပြသနိုင်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပြီး သူ ပါဝင်ကစားတဲ့ ပွဲတိုင်းနီးပါးမှာလည်း အမှားအယွင်းတွေ ကျူးလွန်မိခဲ့ရင်း ပြိုင်ဘက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုအပြင် ယူနိုက်တက် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကိုပါ ကြုံတွေ့ခဲ့ရပါတယ်။

အဲ့ဒီလို ရုန်းကန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မက်ဂွိုင်းယားရဲ့ အခြေအနေကို အဒွန်ဂိုက သူ့နိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေနဲ့ ခိုင်းနှိုင်းပြီး မက်ဂွိုင်းယားက ပြိုင်ဘက်အသင်းတွေအတွက်ပါ ဂိုးဖန်တီးမှုတွေ လုပ်ဆောင်ပေးတက်သူဆိုကာ ပြောဆိုခဲ့ပါတယ်။

Photo Credit : Yahoo News UK

အခုတော့ အဒွန်ဂိုက သူရဲ့ ပြောဆိုမှုတွေကြောင့် မက်ဂွိုင်းယားကို ပြန်လည် တောင်းပန်ပါကြောင်း နဲ့ မက်ဂွိုင်းယားကလည်း အဆိုးရွှားဆုံး အခြေအနေတွေကနေ အကောင်းဆုံး ပြန်လည် တောက်ပလာအောင် ကြိုးစားရင်း အခုဆို သူဟာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

မက်ဂွိုင်းယား ကိုယ်တိုင်ကလည်း အဒွန်ဂိုရဲ့ တောင်းပန်စကားကို လက်ခံပါကြောင်းနဲ့ တစ်နေ့နေ့မှာ အဒွန်ဂိုနဲ့ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ တွေ့ဆုံလိုပါကြောင်းကို ပြန်လည် ပြောဆိုထားခဲ့ပါတယ်။