ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားက သူတို့အသင်းဟာ လာမယ့် ဇွန်လ ၃ရက်နေ့မှာ ကစားရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခြေစွမ်းထက်နေတဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာမြို့ခံနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က ဒီရာသီမှာ ပြည်တွင်း ဆုဖလားတွေ ဖြစ်တဲ့ ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ် ဆုဖလားတို့ကို အသီးသီး သိမ်းပိုက်ထားနိုင်တဲ့ အသင်းတွေ ဖြစ်ကြပြီး မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်းဖလားကို ရရှိထားသလို မန်ချက်စတာ စီးတီးကလည်း ပရီးမီးယားလိဂ် ချန်ပိယံဘွဲ့ကို ရယူထားနိုင်ပါတယ်။

Photo Credit: Football 365

လာမယ့် ဇွန်လ ၃ရက်နေ့မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က တတိယမြောက် ပြည်တွင်းဖလား ဖြစ်တဲ့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဝင်ဘလေကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

လက်ရှိ မန်ချက်စတာ စီးတီးရဲ့ လူစာရင်း ၊ ကစားပုံနဲ့ ခြေစွမ်းတွေကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားမယ့် အက်ဖ်အေဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်ကို အလွယ်တကူပဲ အနိုင်ရသွားလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားက အဆိုပါ သုံးသပ်ချက်တွေကို လက်မခံပဲ သူတို့အသင်းဟာ မန်ချက်စတာ စီးတီးနဲ့ နောက်ဆုံးအကြိမ် ထိပ်တိုက် တွေ့ဆုံခဲ့ချိန်မှာ မန်ချက်စတာ စီးတီးကို အနိုင်ယူနိုင်ခဲ့တာကြောင့် လာမယ့် အက်ဖ်အေဗိုလ်လုပွဲမှာလည်း စီးတီးကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ဆိုလာပါတယ်။

မက်ဂွိုင်းယားက – “အက်ဖ်အေဖလား ဗိုလ်လုပွဲက ခက်ခဲတဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရပါမယ်။ ကျွန်တော်တို့အသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိပြီး ကျွန်တော်တို့က အဲ့ဒီနေ့မှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ဖို့ပဲ လိုတာပါ။ ကျွန်တော်တို့က သူတို့ကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူခဲ့ပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ သူတို့ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။